ရေဖြူမှာ စစ်မှုထမ်း သင်တန်းဆင်းတချို့ PDF ထံ ထွက်ပြေးခိုလှုံ
2024.11.19
တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း သင်တန်းဆင်းထားတဲ့ တပ်သားသစ် ငါးဦးနဲ့ စစ်ကောင်စီတပ်သား တစ်ဦးတို့ ထွက်ပြေးခိုလှုံလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ ဒေါနစစ်ကြောင်းက နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ရေဖြူမြို့နယ် ကံပေါက်ဒေသ အခြေစိုက် ခလရ-၂၇၃ တပ်ရင်းမှာ ရောက်နေတဲ့ စစ်မှုထမ်း သင်တန်းဆင်းထားသူ ငါးဦးနဲ့ မောရ၀တီ ရေတပ်စခန်းက ရေတပ်သား တစ်ဦးတို့ နိုဝင်ဘာလ ဒုတိယပတ်မှာ ထွက်ပြေးခိုလှုံလာတာလို့ ဆိုပါတယ်။
သူတို့ဟာ စစ်မှုထမ်းဖို့ အတင်းအကျပ် စစ်သားစုဆောင်းခံထားရသူတွေဖြစ်ပြီး ရန်ကုန်တိုင်းနဲ့ ဧရာ၀တီတိုင်းတို့က လူငယ်တွေ ဖြစ်တယ်လို့ ဒေါနစစ်ကြောင်း တာ၀န်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့ တာ၀န်ကျတဲ့အချိန်မှာ ဆက်သွယ်ပြီးတော့ ထွက်လာကြတာ။ ရေတပ်သား တစ်ယောက်ကတော့ မောရ၀တီ ရေတပ်ဌာနချုပ်က။ ခလရ -၂၇၃ ကလည်း အဲလိုမျိုးပဲ တာ၀န်ကျတဲ့ နေရာတစ်ခုကနေ ထွက်ပြေးလာပြီး ဆက်သွယ် အလင်း၀င်လာတာ။ လက်ရှိကတော့ သူတို့ကို နေရာတစ်ခုစီစဥ်ပြီး နေထိုင်စားသောက်ရေးနဲ့ ကျန်းမာရေးကအစ အပြည့်အ၀ တာ၀န်ယူပေးထားတယ်။ ၀န်ကြီးဌာနကိုလည်း တင်ပြထားတယ်။ လက်နက်ပါလာတဲ့ ရဲဘော်ကို ဆယ်သိန်း၊ လက်နက်မပါတဲ့ ရဲဘော်ကို သုံးသိန်းစီ လောလောဆယ် ပေးထားတယ်”
ထွက်ပြေးခိုလှုံလာသူတွေဟာ စစ်မှုထမ်း အမှတ်စဉ် (၁) နဲ့ (၂) သင်တန်းဆင်းတွေဖြစ်တဲ့ ကိုဖြိုးမင်းအောင်၊ ကိုကရင်လေး၊ ကိုရဲမင်းမောင်၊ ကိုသန်းတိုးအောင်၊ ကိုဖြူဖွေးနဲ့ စစ်ကောင်စီရေတပ်က ကိုဝေဖြိုးတို့ ဖြစ်ပါတယ်။ သူတို့နဲ့အတူ MA1 အမျိုးစား သေနတ်တစ်လက်နဲ့ ကျည်တချို့ပါလာတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပေဒကို အသက်သွင်းလိုက်တဲ့နောက် စစ်မှုထမ်းဖို့အတွက် စာရင်းကောက်တာ၊ လူငယ်တွေကို ဖမ်းဆီးစုဆောင်းတာတွေ ဆက်တိုက်ရှိနေတာပါ။
အောက်တိုဘာလအတွင်းမှာလည်း တနင်္သာရီတိုင်း မြိတ်မြို့နယ်မှာ စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးခေါ်ဆောင်ထားတဲ့ တပ်သားသစ် ငါးဦးဟာ မြိတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကို ထွက်ပြေးခိုလှုံခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။