ရပ်စောက်မှာ ဒေသခံလူငယ်တွေကို စစ်မှုထမ်းဖို့စုဆောင်းနေသလို ဖမ်းဆီးမှုတွေပါရှိနေ
2024.04.28
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဟာ စစ်မှုထမ်းဖို့ဆိုပြီး လူငယ်တွေကို လူသစ်စုဆောင်းတာနဲ့ ဖမ်းဆီးတာတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် ရပ်စောက်မြို့ထဲက ဒေသခံ လူငယ်အမျိုးသားတွေ ရန်ကုန်နဲ့ မန္တလေးမြို့တို့ကို ထွက်ပြေးနေရတယ်လို့ အမည်မဖော်လိုတဲ့ ပင်းတယ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"အမျိုးသားမှန်သမျှ အသက်ကြီးလည်း အဖမ်းခံရတယ်၊ အသက်ငယ်လည်း အဖမ်းခံရတယ်။ နေအိမ်တွေလည်း မထင်ရင်မထင်သလို RCSS က ဝင်ရှာတယ်။ RCSS က တချို့လူငယ်တွေကို ဆေးစွဲနေတယ်၊ ဆေးဖြတ်မယ် အကြောင်းပြပြီး ဖမ်းတာဟုတ်တယ်"
ရပ်စောက်မြို့နယ်ထဲမှာ စစ်သားစုဆောင်းရေးဆိုပြီး လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖမ်းဆီးခံရမှုတွေရှိနေပေမယ့် အရေအတွက်အတိအကျကိုတော့ မသိရဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် (RCSS) အနေနဲ့ စစ်မှုထမ်းဖို့ထုတ်ပြန်ပြီးနောက်ပိုင်း ရပ်စောက်မြို့တွင်းမှာ အသက် ၁၈ နှစ်ကနေ ၄၀ ကျော်အရွယ် အမျိုးသားတွေကို တစ်ရွာမှာနှစ်ဆယ်နီးပါး ခေါ်ယူနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက စစ်သားစုဆောင်းတာတွေ စတင်ခဲ့ပေမယ့် အခု ၂၀၂၄ ခုနှစ်မှာ လူငယ်တွေကို ဖမ်းဆီးတာပိုများလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီအပေါ် RFA အနေနဲ့ သီးခြားတည်ပြုနိုင်ခြင်းမရှိသလို ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တာဝန်ရှိသူတွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမဖြေဆိုပါဘူး။
ဒါ့အပြင် စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကိုလည်း RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။