လူထုကိုယ်စားပြုကိုယ်စားလှယ် မဟုတ်သူကို ခန့်အပ်မှုအပေါ် မြန်မာကို ဝေဖန်ရှုတ်ချ
2011.05.08
မြန်မာအစိုးရက လူထုကိုယ်စားပြု လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်အဖြစ် သမ္မတရဲ့ အကြံပေးအဖွဲ့ဝင် ရဲမှူးကြီးဟောင်း ဦးစစ်အေးကို အဆိုပြုပြီး အာဆီယံက အသိမှတ်ပြုခဲ့တဲ့အတွက် အခုလို ဝေဖန်ရှုတ်ချတာ ဖြစ်တယ်လို့ အာဆီယံ လူထုကိုယ်စားပြု လူမှုအဖွဲ့အစည်း ညီလာခံ ACSC ကို တက်ရောက်ခဲ့တဲ့ မြန်မာ အဖွဲ့အစည်း ကိုယ်စားလှယ် ဦးအောင်မျိုးမင်းက ပြောပါတယ်။
“ဒီလို လူထုအခြေပြု အဖွဲ့တွေက ရွေးချယ်ထားတဲ့လူ မဟုတ်ဘဲနဲ့ ကိုယ်လိုချင်တဲ့လူကို ရွေးချယ်ပြီး တွေ့ဆုံတာဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ လူထုအခြေပြု အဖွဲ့တွေသာ မကဘူး၊ ဒေသတခုလုံးမှာ ရှိတဲ့ လူထုအခြေပြု အဖွဲ့တွေ အားလုံးကို စော်ကားလိုက်ခြင်းဖြစ်တယ်။ ကျနော်တို့ သတ်မှတ်ထားတဲ့ စံချိန်စံညွန်း နှုန်းနဲ့ မညီတဲ့သူကို ခေါ်ခြင်းက ကျနော်တို့အပေါ် လေးစားမှု မပြုခြင်းဖြစ်တယ်။ အဲဒါကြောင့် မနေ့က ဒါကို ကြေညာချက် ထုတ်ပါတယ်”
မြန်မာအစိုးရရဲ့ ကိုယ်စားလှယ်ကို အခုလို လူထုကိုယ်စားပြု လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်အဖြစ် သဘောတူ ခန့်အပ်ခဲ့တာဟာ လူထုနဲ့ တိုက်ရိုက် ထိတွေ့ဖို့ ကတိပေးထားတဲ့ အာဆီယံရဲ့ ကြိုးပမ်းချက်တွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတဲ့အတွက် အာဆီယံ အဖွဲ့ကြီးအတွက်လည်း သိက္ခာကျစေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ မနေ့က ထုတ်ပြန်တဲ့ ASCS ကိုယ်စားလှယ်တွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။