၁၀၅ မိုင်တိုက်ပွဲမှာ ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ အခက်တွေ့နေ
RFA Burmese
2023.12.06
2023.12.06
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး ဒဏ်ရာရ၊ သေဆုံးသူတွေ အပါအဝင် အဲဒီမှာ ပိတ်မိနေသူ ငါးရာကျော်ကို ကယ်ထုတ်ဖို့ အခက်အခဲ တွေ့နေတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
နိုဝင်ဘာလ ၂၉ ရက်ကနေ ဒီဇင်ဘာ ၅ ရက် မနေ့ကအထိ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာပါ။
ကူညီဖို့သွားတဲ့ ပရဟိတကားတွေပါ အပစ်ခံရတာကြောင့် ဘယ်သူမှ သွားကူညီလို့ မရဖြစ်နေတာလို့ မူဆယ် အခြေစိုက် လူမှုကူညီရေး ဆောင်ရွက်ပေးနေသူ တစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ကဆို (၁၀၅) မိုင်မှာ လက်နက်ကြီး အိမ်နားကျလို့ အမျိုးသမီးတစ်ယောက်ဒဏ်ရာရတာ၊ အချိန်မီ မကယ်နိုင်လို့ သေသွားတာရှိတယ်။ ပိတ်မိလို့ အကူအညီ တောင်းတာတွေ ဒဏ်ရာရလို့ အကူအညီ တောင်းတာတွေ ရှိတယ်။ ကျွန်တော်တို့ သွားလို့မရဘူး။ တစ်စီးတက်ရင် တစ်စီး အပစ်ခံရတယ်ဆိုတော့ ဘာမှမကူညီနိုင်ဘူး။ သေဆုံးတဲ့သူ တွေလည်းရှိတယ်။ အလောင်းလည်း မကောက်နိုင်ဘူး”
ကျင်စန်းကျော့နယ်စပ်ဂိတ် သွားတဲ့လမ်းမှာလည်း ကျောက်တောင် လုပ်သားတချို့ ပိတ်မိနေပြီး ဒဏ်ရာရသူတွေ ရှိသလို (၁၀၅) မိုင် ရွာအတွင်းမှာလည်း မထွက်နိုင်ဘဲ မိသားစုလိုက် ပိတ်မိနေသူတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျင်စန်းကျော့လမ်း၊ (၁၀၅) မိုင်နဲ့ မူဆယ်မြို့အကြားက တုန်ခန်ရွာအနားမှာလည်း သေဆုံးနေတဲ့ အရပ်သား အနည်းဆုံး သုံးလောင်းလောက် ရှိနေပြီး ဒဏ်ရာရသူတွေပါ ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေပါ ဖြတ်တောက်ခံထားရတဲ့အတွက် သေဆုံး၊ ဒဏ်ရာရသူနဲ့ ပိတ်မိနေသူ စာရင်းအတိအကျကို ပြောလို့ မရနိုင်သေးဘူးလို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
ဒါ့အပြင် စားစရာတွေလည်း ပို့လို့မရတဲ့အတွက် တိုက်ပွဲရက် ရှည်လာရင် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ထဲမှာ ကျန်နေသူတွေ စားနပ်ရိက္ခာ ပြတ်မှာကို စိုးရိမ်နေရတယ်လို့ မူဆယ်ဒေသခံတစ်ဦးက ပြောပါတယ်။
(၁၀၅) မိုင်တောင်ကုန်းမှာ စစ်တပ်စခန်းရှိသလို မူဆယ်မြို့ အထွက်ဘက်အခြမ်းမှာလည်း စစ်ကောင်စီတပ်က တပ်စွဲထားပြီး ကျင်စန်းကျော့ လမ်းပိုင်းမှာတော့ မြောက်ပိုင်းညီနောင် သုံးဖွဲ့က နေရာယူထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ကိုးကန့်အဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူ လီကျာဝင်းတို့က မူဆယ် (၁၀၅) မိုင်မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်း ပြောဆိုထားပေမယ့် တိုက်ပွဲ အခြေအနေ အသေးစိတ်နဲ့ အရပ်သား ထိခိုက်သေဆုံးမှုကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
(၁၀၅) မိုင်မှာဖြစ်နေတဲ့ တစ်ပတ်ကျော်ကြာ တိုက်ပွဲအတွင်း ကလေးငယ်သုံးဦး အပါအဝင် အရပ်သား အနည်းဆုံး ဆယ်ဦးကျော် သေဆုံးခဲ့ပြီး မြေပြင် အခြေအနေအရ ဆက်သွယ်လို့ မရတဲ့နေရာတွေ ရှိတာကြောင့် အဲဒါတွေပါဆိုရင် ဒီထက် ပိုများနိုင်တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
တိုက်ပွဲကြောင့် မူဆယ်မြို့ပေါ်ကို ထွက်ပြေးနေရတဲ့ ဒုက္ခသည် အနည်းဆုံး နှစ်ထောင်ဝန်းကျင်အထိ ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။