မြင်းခြံမှာ အရပ်သားတွေကို ဓားစာခံအဖြစ် စစ်ကောင်စီဖမ်းဆီးနေ
2023.04.11

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ကျေးရွာတွေကို ဧပြီလ ၈ ရက်နေ့ကစပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ဒေသခံအရပ်သားတွေကို လမ်းပြနဲ့ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်နေတယ်လို့ ရွာခံတွေက ပြောပါတယ်။
မြင်းခြံမြို့နယ်ထဲက ရွာသစ်၊ ထိန်ပန်း၊ မီးပေါက်၊ တည်ပင်၊ နတ်ကြိုတောနဲ့ ထန်းတစ်ပင်ရွာက ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်နေတာလို့ ပြောပါတယ်။
မတ်လ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီစစ်ကြောင်းက ပျိုးကန်ရွာကနေ မီးပေါက်ရွာအသွား၊ လမ်းမှာတွေ့တဲ့သူတွေကို ဖမ်းဆီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"မနက်ခင်း ပျိုးကန်ရွာဘက်ကနေ မီးပေါက်ရွာဘက်ကို သွားတဲ့စစ်ကြောင်းက တောထဲမှာတောင်ယာလုပ်နေတဲ့ လေး၊ငါးဦးကို ဖမ်းသွားတယ်။ နောက်ပြီး ရွာသစ်ရွာအရောက်မှာ သူတို့လာတဲ့အချိန် လူငယ်တစ်ဦး ဖုန်းပြောနေတာကို သူတို့လာတာကို ဖုန်းပြောရမလားဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားသေးတယ်"
စစ်ကောင်စီတပ်တွေ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးနေချိန်မှာ ရွာတွေမှာတွေ့တဲ့ လူငယ်နဲ့လူလတ်ပိုင်းအရွယ်တွေကို ဖမ်းဆီးနေတာလို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားသူတွေကို ပစ္စည်းသယ်ခိုင်း၊ လမ်းပြခိုင်းနေတယ်လို့ ရွာခံတွေက ပြောပါတယ်။
ဧပြီလ ၈ ရက်နေ့က မြင်းခြံမြို့နယ်က ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ မြင်းခြံအခြေစိုက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေ မြင်းခြံမြို့နယ်၊ ယုန်းထိုးတောင်အနီးမှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း စစ်ကောင်စီက ရွာသားတွေကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်နေတာလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မတ်လ ၁၀ ရက်နေ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူ စုစုပေါင်း ၂၁၃၀၀ ဦး ရှိနေပြီလို့ ဖော်ပြထားပါတယ်။