စစ်အာဏာသိမ်းမှုကြောင့် ရာသီဥတုအပြောင်းအလဲအန္တရာယ် ပိုမိုဆိုးရွားလာကြောင်း ကုလပညာရှင် ပြော

RFA Burmese
2023.11.28
စစ်အာဏာသိမ်းမှုကြောင့် ရာသီဥတုအပြောင်းအလဲအန္တရာယ် ပိုမိုဆိုးရွားလာကြောင်း ကုလပညာရှင် ပြော ကချင်ပြည်နယ် ချီဖွေမြို့နယ်မှ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုအား ၂၀၁၉ ခုနှစ်က တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာဟာ၊ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာမှု အကျပ်အတည်းကို ဖြစ်စေရုံတင် မကဘဲ၊ မြန်မာပြည်သူတွေဟာ ရာသီဥတု အပြောင်းအလဲရဲ့ ဒဏ်ကြောင့် ပိုပြီးထိခိုက်လွယ်တဲ့ အခြေအနေကို ဖြစ်စေတယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ပြောလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးနဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး တာဝန်ရှိမှုများဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဒေးဗစ် ဘွိုင်တို့က ယူအေအီးနိုင်ငံမှာ ကျင်းပနေတဲ့ ၂၈ ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မူဘောင်ညီလာခံ COP28 မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တဲ့အကြောင်း နိုဝင်ဘာ ၂၇ ရက်က ကုလသမဂ္ဂရဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။

ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကနေ ဖယ်ထုတ်ခံထားရပြီး၊ ငွေကြေးပြတ်လပ်နေတဲ့ မြန်မာစစ်တပ်ဟာ သံ၊ ကျောက်စိမ်းနဲ့ မြေရှားသတ္တုလို သဘာဝသယံဇာတတွေကနေ အမြတ်ထုတ်ပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီးကျူးလွန်နိုင်ဖို့ လုပ်နေပါတယ်။ မြန်မာစစ်တပ်နဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေက သဘာဝသယံဇာတတွေ တိုးမြှင့် ထုတ်ယူနေတာကြောင့်၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေပြီး၊ သစ်တောနဲ့ ရေသယံဇာတတွေ ပျက်စီးစေပါတယ်။ ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ပိုပြီးဆိုးဝါးစေပါတယ်လို့ ကုလ ကျွမ်းကျင်သူ နှစ်ဦးက သုံးသပ်ထားပါတယ်။

တစ်ခုနဲ့ တစ်ခု ဆက်နွယ်နေတဲ့ စစ်ရေးပဋိပက္ခနဲ့ ရာသီဥတုအပြောင်းအလဲ ကိစ္စနှစ်မျိုးဟာ မြန်မာ ပြည်သူသန်းပေါင်းများစွာရဲ့ ကျန်းမာရေး၊ ဝင်ငွေနဲ့ လုံခြုံရေးတွေကို ခြိမ်းခြောက်နေပါတယ်။ အထူးသဖြင့် သဘာဝ တောတောင်ရေမြေတွေကို မှီခိုနေထိုင်ကြရတဲ့ တိုင်းရင်းသား လူမျိုးတွေဟာ ပိုပြီးထိခိုက်လွယ်တဲ့ အခြေအနေဖြစ်စေပါတယ်လို့ ကုလ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ရာသီဥတုအပြောင်းအလဲကြောင့် ထိခိုက်အလွယ်ဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပြီးဖြစ်တဲ့ မြန်မာနိုင်ငံမှာ၊ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်၊ ရာသီဥတုအပြောင်းအလဲနဲ့ ပတ်သက်လို့ ရထားတဲ့ တိုးတက်မှု အားလုံးရပ်ဆိုင်းကုန်တဲ့အကြောင်း၊ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် မြန်မာ ပြည်သူသန်းပေါင်းများစွာ နေအိမ်စွန့်ခွာထွက်ပြေးနေရပြီး၊ ရာသီဥတု ဘေးအန္တရာယ်ကို ခုခံကာကွယ်နိုင်တဲ့ စွမ်းရည်လျော့ကျသွားစေတဲ့အကြောင်း၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေလည်း ထွက်ပြေးတိမ်းရှောင်နေ ရကြောင်း၊ မြန်မာပြည်သူတွေ အနေနဲ့လည်း တစ်ရက်စာ အသက်ရှင်ဖို့အတွက်ပဲ စဉ်းစားရုန်းကန်နေရတဲ့အတွက် ရာသီဥတု အပြောင်းအလဲလို ရေရှည်စောင့်ကြည့်ရမယ့် ကိစ္စတွေ လုပ်နိုင်စွမ်းမရှိတော့ဘဲ ဖြစ်သွားစေတဲ့အကြောင်း ကုလ ကျွမ်းကျင်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံဟာ မြန်မြန်ဆန်ဆန် ကျရောက်လာနေတဲ့ ရာသီဥတုပြောင်းလဲမှုရဲ့ ဆိုးကျိုးတွေကို စီမံကိုင်တွယ်ဖို့ အသင့်မဖြစ်တဲ့ နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလက ရခိုင်ပြည်နယ်မှာ ကျရောက်တဲ့ မိုချာ ဆိုင်ကလုန်း မုန်တိုင်းအတွက် အကူအညီတွေကို စစ်ခေါင်းဆောင်တွေက အရှက်အကြောက် ကင်းမဲ့စွာနဲ့ ပိတ်ပင်မှုကို ကြည့်ရင်၊ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုနဲ့ ရာသီဥတု အပြောင်းအလဲ သုံးခုလုံးအတွက် မဖြေရှင်းပေးဖို့ ကမ္ဘာကြီးက တာဝန်မကျေတာကို ပြသနေပါတယ်လို့ ကုလ ကျွမ်းကျင်သူတွေရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံမှာ ရာသီဥတု ဘေးအန္တရာယ်တွေ နောက်ထပ် ထပ်ပြီးကျရောက်လာဦးမှာပါ။ နောက်လာမယ့် ဘေးတွေက ပိုပြီးဆိုးပါလိမ့်မယ်။ ဒါကို ကမ္ဘာကြီးက ကြည့်မနေသင့်တော့ ပါဘူးလို့ ကျွမ်းကျင်သူတွေက တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။