မြန်မာစစ်တပ် Cluster ဗုံး သုံးတာ ချက်ချင်းရပ်ဖို့ လက်နက်တားဆီးပိတ်ပင်ရေးအဖွဲ့ တောင်းဆို

RFA Burmese
2023.09.01
မြန်မာစစ်တပ် Cluster ဗုံး သုံးတာ ချက်ချင်းရပ်ဖို့ လက်နက်တားဆီးပိတ်ပင်ရေးအဖွဲ့ တောင်းဆို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က မကွေးမြို့အနီးတွင် ပြုလုပ်သည့် ကြည်းတပ်၊ လေတပ် ပူးပေါင်းစစ်‌‌ရေးလေ့ကျင့်မှု မြင်ကွင်းတစ်ခု။
Myanmar Military

မြန်မာစစ်တပ်ဟာ နိုင်ငံတကာက အသုံးပြုခွင့် ပိတ်ပင်ထားတဲ့ Cluster ဗုံးကို အသုံးပြုနေတဲ့အတွက် ဒီဗုံး အသုံးပြုမှုကို ချက်ချင်းရပ်တန့်ဖို့ Cluster ဗုံးနဲ့ လက်နက်တွေ တားဆီးပိတ်ပင်ရေး လှုပ်ရှားနေတဲ့ Cluster Munition Coalition (CMC) အဖွဲ့က တောင်းဆိုလိုက်တဲ့အကြောင်း AFP သတင်းက ဖော်ပြပါတယ်။

မြန်မာစစ်တပ်ဟာ ဆင့်ကဲပေါက်ကွဲစေတဲ့ Cluster ဗုံးလက်နက်တွေကို ၂၀၂၁ ဖေဖော်ဝါရီမှာ အာဏာသိမ်းပြီးကတည်းက အကြိမ်ကြိမ် အသုံးပြုခဲ့ပြီး ပြီးခဲ့တဲ့ဇွန်လက နောက်ဆုံးအကြိမ် အသုံးပြုခဲ့တယ်လို့ CMC အဖွဲ့က ပြောပါတယ်။

ဒီ Cluster ဗုံးကို မြန်မာစစ်တပ်က အသုံးပြုနေတဲ့အကြောင်း ဓါတ်ပုံသက်သေတွေအပြင် သတင်းအချက်အလက်တွေ CMC အဖွဲ့က ရထားတယ်လို့လည်း ဆိုပါတယ်။

မြန်မာစစ်တပ်က အခုလို Cluster ဗုံး အသုံးပြုခဲ့တာဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်မှုဖြစ်တယ်လို့လည်း ဒီအဖွဲ့က ပြောပါတယ်။

မြန်မာစစ်တပ်ဟာ Cluster ဗုံးတွေကို ထုတ်လုပ်နေပြီး အရပ်သားပြည်သူတွေကို သေကျေဒဏ်ရာရအောင် လုပ်ဖို့ အသုံးပြုနေတာဟာ အလွန်မှ စိုးရိမ်ပူပန်စရာ ကောင်းပါတယ်။ ဘယ်လိုအကြောင်းပြချက်ကြောင့် ဖြစ်ဖြစ် ဒီဗုံးတွေကို အသုံးမပြုသင့်ပါဘူး။ ဒီလို နိုင်ငံတကာမှာ ပိတ်ပင်ထားတဲ့ လက်နက်ကို သုံးလာတဲ့အတွက် ကမ္ဘာ့နိုင်ငံအားလုံးက ကန့်ကွက်ရှုတ်ချသင့်ပါတယ်လို့ CMC အဖွဲ့ရဲ့ သုတေသီ ဒေါက်တာ ရေရှဟွာ မိုဆာ ပန်ဆူဝမ်က ပြောပါတယ်။

Cluster ဗုံးတွေကို လေယာဉ်ပေါ်က ကြဲချလိုက်တဲ့အခါ ဒါမှမဟုတ် ဒုံးပျံ၊ လောင်ချာတွေကနေ ပစ်ခတ်လိုက်တဲ့အခါ လေထဲမှာတင် ရာနဲ့ချီနဲ့ ဗုံးသီးအသေးစားလေးတွေအဖြစ် ခွဲထွက်သွားပြီး၊ မြေပြင်ပေါ်က ကျယ်ပြန့်တဲ့ ဧရိယာတစ်ခုလုံးကို လွှမ်းခြုံပြီး ကျရောက်ပေါက်ကွဲစေမှာ ဖြစ်ပါတယ်။ မြေပြင်ပေါ် ကျရောက်ပြီးတဲ့နောက် မပေါက်ကွဲဘဲ ကျန်နေတဲ့ ဗုံးသီးတွေဟာ နောက်နှစ်ပေါင်းများစွာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

ဒီဗုံးတွေဟာ မြေမြှုပ်မိုင်းတွေလိုပဲ နောက်မှ ပေါက်ကွဲပြီး လူတွေကို သေကျေဒဏ်ရာရအောင် လုပ်နိုင်စွမ်းရှိတဲ့အတွက် နိုင်ငံတကာမှာ အသုံးပြုဖို့ ပိတ်ပင်ထားတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။