AA တပ်သားနှစ်ဦးကို CNA က ဖမ်းဆီးထား
2024.08.04
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဖနိုင်ရွာအနီးမှာ အာရက္ခတပ်တော် (AA) ရဲ့ တပ်သားနှစ်ဦးကို ချင်းအမျိုးသားတပ်မတော် (CNA) က ဖမ်းဆီးထားကြောင်း CNA ရဲ့ ပြောခွင့်ရသူ ဆလိုင်းထက်နီက RFA ကို ဩဂုတ်လ ၅ ရက်နေ့မှာ ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ AA တပ်သားတွေရဲ့ ဝန်ခံပြောဆိုတဲ့ ရုပ်သံဖိုင်တစ်ခု ဩဂုတ်လ ၁ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့လာခဲ့ပြီး အဲဒီရုပ်သံဖိုင်ထဲမှာတော့ AA တပ်သားတွေက မူးယစ်ဆေးသုံးစွဲတာနဲ့ အမျိုးသမီးတွေကို အဓမ္မပြုကျင့်မှုတွေ ပြုလုပ်တဲ့အကြောင်း ထွက်ဆိုထားတာ တွေ့ရပါတယ်။
AA ပြောခွင့်ရသူ ဦးခိုင်သုခကတော့ ဒါဟာ AA တပ်သားတွေကို နှိပ်စက်ညှဉ်းပန်းပြီး မဟုတ်မမှန်ထွက်ဆိုခိုင်းပြီးနောက် ဝါဒဖြန့်တာတွေ လုပ်နေတာလို့ ရခိုင်ပြည်နယ်အခြေစိုက် DMG သတင်းဌာနကို ဖြေဆိုထားပါတယ်။
CNA ပြောခွင့်ရသူ ဆလိုင်းထက်နီကတော့ AA တပ်သားတွေကို ညှဉ်းပန်းနှိပ်စက်တာမလုပ်ဘဲ ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ RFA ကို ပြောပါတယ်။
“နှိပ်စက်တာ မရှိပါဘူး။ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားပါတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်နေပါတယ်။ နှိပ်စက်ပြီးတော့ အတင်းအကျပ် ထွက်ဆိုခိုင်းတာမျိုး မရှိပါဘူး။ သူတို့ဘက်က ပြောသလို မကျူးလွန်ဘူးဆိုရင် ကောင်းတာပေါ့ဗျာ။ သေချာစစ်ဆေးပြီး ပြန်လွှတ်သင့်ရင် လွှတ်ပေးသွားမယ်”
CNA တပ်သား တချို့ကိုလည်း ချင်းညီနောင်နဲ့ AA ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးထားတာလည်းရှိတယ်လို့ သူက ပြောပါတယ်။
အဲဒီ AA တပ်သားတွေဟာ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ဒဏ်ရာရတပ်သားတွေကို စာရင်းကောက်ဖို့ တာဝန်ထမ်းဆောင်နေစဉ် ချင်းအမျိုးသားတပ်မတော် (CNA) က ဖမ်းဆီးခဲ့တာလို့ ဩဂုတ်လ ၃ ရက်နေ့မှာ ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
CNA ကဖမ်းထားတဲ့ AA တပ်သားနှစ်ဦးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ကိုလည်း ချင်းညီနောင်အဖွဲ့က တောင်းဆိုပါတယ်။
ချင်းအမျိုးသားတပ်ဦး (CNF/CNA) ဦးဆောင်တဲ့ ချင်းပြည်အစိုးရကတော့ ချင်းပြည်နယ်အရေးနဲ့ ချင်းလူမျိုးတို့ရဲ့ နိုင်ငံရေးကိစ္စရပ်တွေမှာ AA က ဝင်ရောက်စွက်ဖက်တာတွေ ရပ်တန့်ဖို့ဆိုပြီး ဇူလိုင်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။