မြန်မာမှာလုပ်ကိုင်တဲ့ အထည်ချုပ်လုပ်ငန်းသုံးခုကို သမဂ္ဂတွေ တိုင်ကြား
2024.11.14
မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ အထည်ချုပ်လုပ်ငန်း သုံးခုကို ကျင့်ဝတ်စည်းကမ်းဆိုင်ရာ လမ်းညွှန်ချက်တွေ ချိုးဖောက်မှုနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ OECD ကို တိုင်ကြားထားကြောင်း ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂက နိုဝင်ဘာလ ၁၃ ရက်နေ့က ကြေညာလိုက်ပါတယ်။
မြန်မာစစ်ကောင်စီလက်အောက် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတဲ့ သက်သေအထောက်အထားတွေ ရှိပေမဲ့ မြန်မာနိုင်ငံနဲ့ အလုပ်ဆက်လုပ်နေတယ်လို့ ဆွစ်ဇာလန်အခြေစိုက် IndustriALL Global က ပြောပါတယ်။
Next, New Yorker နဲ့ LPP အမှတ်တံဆိပ် အထည်တို့ကို တိုင်ကြားထားတာလို့ AFP သတင်းက နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ဖော်ပြပါတယ်။
IndustriALL Global အလုပ်သမား သမဂ္ဂ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM နဲ့ မြန်မာနိုင်ငံ ကုန်ထုတ်နဲ့ စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် IWFM တို့က တိုင်ကြားတာပါ။
OECD လမ်းညွှန်ချက်မှာ ကျင့်ဝတ်နဲ့အညီ တာဝန်ခံမှု၊ တာဝန်ယူမှု အပြင် လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး လေးစားလိုက်နာပြီး လုပ်ငန်းလည်ပတ်ဖို့ ပါရှိတယ်လို့ IndustriALL က ထောက်ပြပါတယ်။
စီးပွားရေးပြိုလဲမဲ့အနေအထားရောက်နေတဲ့ စစ်ကောင်စီကို ပြည်ပဝင်ငွေရအောင် အထည်နဲ့ အထည်ချုပ်လုပ်ငန်းက ကျားကန်ပေးနေတယ်လို့လည်း IndustriALL က သတိပေးပါတယ်။ IndustriALL Global ဟာ အလုပ်သမားသမဂ္ဂ ခြောက်ရာကျော်က အလုပ်သမား သန်းငါးဆယ်ကို ကိုယ်စားပြုတဲ့အဖွဲ့ ဖြစ်ပါတယ်။