တပ်မတော်သား ၂၅ ရာခိုင်နှုန်း ရှိနေသရွေ့ ပုဒ်မ ၂၆၁ မပြင်နိုင်ကြောင်း NLD ပြော
2020.02.28
ဝန်ကြီးချုပ်ကို တိုင်းနဲ့ပြည်နယ်မှာ အနိုင်ရတဲ့ပါတီက ခန့်အပ်ရေးအတွက် ပုဒ်မ ၂၆၁ ကို ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မူကြမ်း တင်သွင်းထားတာကို လေးရက်မြောက်နေ့ ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အကြိတ်အနယ် ဆွေးနွေးခဲ့ကြပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက ပုဒ်မ ၂၆၁ ပြင်ဆင်ရေးအပေါ် သဘောထားကို ရှင်းပြပါတယ်။
"အဲဒီလိုဆို ရခိုင်အကြောင်းဘာလို့ မဆွေးနွေးလဲ။ ရခိုင်ကိုဘာလို့ မဆွေးနွေးလဲ။ ရခိုင်မှာက ၄၀ ကျော်ရသွားပီလေ။ ၂၂ ယောက်နိုင်သွားပီလေ။ အဲဒီလိုဆို ရခိုင်အကြောင်းဘာလို့ မဆွေးနွေးလဲ။ ထည့်ဆွေးနွေးရမယ်အကုန်လုံး။ တအားစိုးရိမ်နေတယ်။ ဒီလောက်မစိုးရိမ်နဲ့နော်၊ သူ့ဟာသူ တပ်မတော် ပါခြင်း မပါခြင်းက တစ်ပိုင်းပဲ။ ကိုယ့်ဘက်က ပါတီတွေ နိုင်ထားဖို့လိုတယ်။ အဲတော့ ဒီဘက်မှာ ရခိုင်ပါတီ အများဆုံးနိုင်ရင် ရခိုင်ဖြစ်မှာပဲလေ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်လိုလုပ် ကျနော်တို့ ပြည်ခိုင်ဖြိုးဖြစ်မှာလဲ။ NLD ဖြစ်မှာလဲ။ ရခိုင်များရင် ရခိုင်နိုင်မှာပေါ့။ မွန်များရင် မွန်နိုင်မှာပေါ့။ ဒါပဲလေ ရှမ်းများရင် ရှမ်းနိုင်မှာပဲလေ။ အဲဒါကို တပ်မတော်ကိုသွားပီး ဆွဲမထည့်နဲ့လေ။ တိုင်းရင်းသားပါတီတွေက တစ်ချိန်မှာတက်လာမှာပဲ ။ တိုင်းရင်းသားတွေ လက်ခံလာမှာပဲ ။ နဂိုလို မဟုတ်တော့ဘူး။ အဲဒါဆို ဖက်ဒရယ်မှန်သွားလိမ့်မယ်။"
ဒီပုဒ်မပြင်ရေးကို တပ်မတော်နဲ့ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်တွေက ထောက်ခံခဲ့ကြပါတယ်။ အာဏာရပါတီ NLD ကတော့ တိုင်းနဲ့ပြည်နယ်နဲ့ ပြည်ထောင်စုလွှတ်တော်တွေမှာ ရွေးကောက်မခံဘဲ ၂၅ ရာခိုင်နှုန်း ရယူထားတဲ့ တပ်မတော် သားတွေ ရှိနေသရွေ့ ၂၆၁ ကို မပြင်သင့်ဘူး၊ ဆက်ထားသင့်တယ်လို့ NLD ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က ကန့်ကွက်ပါတယ်။
"ဗဟိုချုပ်ကိုင်မူ လျော့ချ သယောင်ယောင်ပါပဲ။ သို့သော်လည်း ရွေးကောက်ခံမဟုတ်တဲ့ ၂၅% သော ကိုယ်စားလှယ်တွေ၊ အမာခံ အခိုင်အမာတည်ရှိနေတဲ့ သက်ဆိုင်ရာလွှတ်တော်မှာ ပါတီအသီးသီးက ပြန့်နှောရောက်ရှိလာမယ့် ရွေးကောက်ခံ ကိုယ်စားလှယ်များရဲ့ ပါဝင်မှုကို ချိန်ဆတွက်ချက်ရမှာဖြစ်ပါတယ်။ လက်ရှိ အခြေအနေအတိုင်းဆိုရင် စီမံစိုးမိုးနိုင်မယ့် အခွင့်အာဏာဟာ တကယ်ပဲ တိုင်းရင်းတွေထံ ရောက်မရောက်ဆိုတာ အလေးထားစဉ်းစားကြည့်ရင် အဖြေထွက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ကျနော့်အနေနဲ့ ဦးသိန်းထွန်း ဦးဆောင်တင်သွင်းတဲ့ ပုဒ်မ ၂၆၁ ခ နဲ့ ဆက်လျဉ်းတဲ့ ပြင်ဆင်ချက်တွေကို လေးလေးနက်နက် ကန့်ကွက်ကြောင်း တင်ပြရင် နိဂုံးချုပ်ပါတယ်။"
တပ်က ၂၅ ရာခိုင်နှုန်း ယူထားတာကြောင့်၊ ရွေးကောက်ပွဲတွေ ဝင်ပြိုင်တဲ့အခါမှာ တိုင်းရင်းသားပါတီတွေနဲ့ NLD ပါတီတို့ဟာ လွှတ်တော်ရဲ့ ၇၅ ရာခိုင်နှုန်းကို ပြိုင်ကြရတာပါ။ ပုဒ်မ ၂၆၁ ကို ပြင်ခြင်းအားဖြင့် NLD ရဲ့ အားကောင်းမှုကို အရှိုက်ထိစေနိုင်တယ်လို့ NLD ဘက်က တွက်ချက်ထားတာပါ။
ကြံ့ခိုင်ရေးအမတ် ဦးသိန်းထွန်းကတော့ NLD ရဲ့အကြောင်းပြချက်ကို လက်မခံဘူးလို့ဆိုပါတယ်။
တိုင်းရင်းသားတွေထဲမှာ ပြည်မ နိုင်ငံရေးပါတီကြီးတွေဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့ NLD ပါတီကို ရင်ဆိုင်ပြိုင်ဆိုင်နိုင်တာက ရခိုင်အမျိုးသားပါတီ (ANP) နဲ့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ ဖြစ်ပါတယ်။
ဒါပေမဲ့ ၂၆၁ အရ မဲအများဆုံး အနိုင်ရတဲ့ ပါတီကြီးကပဲ ဝန်ကြီးချုပ်ကို ခန့်အပ်တာကြောင့် တိုင်းရင်းသားပါတီတွေကပါ ပြင်ချင်ကြတာလို့ ANP ပါတီ က ပေါက်တောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက ပြောပါတယ်။
"အပေါ်ကနေ ဆင်းလာပြီးတော့ အကြီးကြီး ဒီအောက်ခြေကိုလာပြီးတာ့ ကိုယ့်ဟာနဲ့ကို၊ ကိုယ့်အလုပ်ကို လုပ်လို့ မရဘူးဖြစ်နေတယ်။ ကျနော်တို့မှာလည်း သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေရှိတာပဲ။ ကိုယ့်ဟာကိုယ် ရွေးကြမှာပေါ့။ အဲလို ကိုယ့်ဟာကိုယ် မရွေးဘဲနဲ့ အပေါ်က ဆင်းလာ ရွေးပေးတဲ့ဟာကို လက်ခံရရင် ကျနော်တို့ အသုံးမကျသလိုဖြစ်တာပေါ့။ ခပ်ရိုင်းရိုင်းပြောရရင်။ အမှန်ကတော့ ကျနော်တို့ ကိုယ့်ဟာကို ရွေးချင်တယ်။ ရွေးနိုင်အောင် လုပ်တတ်ကိုင်တတ်ရှိအောင်၊ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေ ရှာထားရမှာပေါ့။"
၂၀၁၅-ရွေးကောက်ပွဲတုန်းက ရခိုင်အမျိုးသားပါတီANP ဟာ ရခိုင်ပြည်နယ်မှာ လွှတ်တော်အမတ် ၂၂ ဦး အထိ အများဆုံး အနိုင်ရခဲ့တဲ့ ပါတီဖြစ်ပါတယ်။ ဒါပေမဲ့ NLD က ဒီအချက်ကိုလျစ်လျူရှုပြီး သူ့ပါတီထဲက လူကို ဝန်ကြီးချုပ် ခန့်ခဲ့ပါတယ်။
ရှမ်းပြည်နယ်မှာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ကြံ့ခိုင်ရေးပါတီက မဲအများဆုံးရပြီး SNLD က ဒုတိယမဲအများဆုံးရပါတယ်။ NLD က လွှတ်တော်မှာဆွေးနွေးတဲ့အခါ ဒီအချက်ကိုထောက်ပြပြီး တပ်နဲ့ကြံ့ခိုင်ရေးတို့ရဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဟာ တိုင်းရင်းသားတွေအတွက် မဟုတ်ဘူးလို့ ထောက်ပြတာလည်းရှိပါတယ်။
အင်အားကြီး အုပ်စုနှစ်ခုဖြစ်တဲ့ တပ်နဲ့ကြံ့ခိုင်ရေး၊ NLD ပါတီတို့ရဲ့ ဆွေးနွေးချက်တွေက တိုင်းရင်းသားအရေးကို ဦးစားမပေးဘဲ၊ မိမိတို့အုပ်စု အပိုင်ရရှိရေးဦးစားပေးနေတာက စိတ်မကောင်းစရာလို့ လွှတ်တော်တွေကို စောင့်ကြည့်လေ့လာပြီး သုတေသနပြုနေတဲ့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ (OMI) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်က ပြောပါတယ်။
သူ့တစ်ဦးတည်းအနေနဲ့ ပုဒ်မ ၂၆၁ ပြင်ရေးကို သဘောကျတယ်လို့ ဦးအေးကျော်က ပြောပါတယ်။ အနည်းဆုံး တိုင်းရင်းသားတွေ ကြိုးစားခွင့်ရနိုင်တာကြောင့်လို့ ပြောပါတယ်။
ပြည်နယ်လွှတ်တော်မှာ တပ်ရဲ့ ၂၅ ရာခိုင်နှုန်း ကိုလျှော့ချပြီး၊ NLD ကလည်း ၂၆၁ ကို ပြင်မယ်ဆိုတဲ့ အပေးအယူကလည်း ဖြစ်နိုင်စရာမတွေ့ဘူးလို့ ဦးအေးကျော်က ပြောပါတယ်။
လွှတ်တော်ထဲမှာ ပုဒ်မ ၂၆၁ အပေးအယူလုပ်မယ့်ကိစ္စနဲ့ တခြားအရေးကြီးပုဒ်မတွေကိုပါ ပြင်ဆင်နိုင်ရေးက အလှမ်းဝေး တဲ့အနေအထားဖြစ်လို့၊ ဒီအတိုင်းပဲ ဆက်ရှိနေမယ်လို့လည်း သုံးသပ်နေကြပါတယ်။