ရုရှားနဲ့ စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မယ်လို့ စစ်ကောင်စီပြော
2024.09.10
ရုရှားနိုင်ငံနဲ့ စစ်ကောင်စီတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံထဲမှာ စိုက်ပျိုးရေးကဏ္ဍနဲ့ သက်ဆိုင်တဲ့ စက်ရုံတွေ တည်ဆောက်ဖို့အတွက် လက်မှတ်ရေးထိုးထားတယ်လို့ စက်တင်ဘာလ ၁၀ ရက်နေ့မှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာတွေတစ်ဆင့် ဖော်ပြပါတယ်။
စစ်ကောင်စီရဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့အဖွဲ့က ရုရှားနိုင်ငံကို ရောက်ရှိချိန် ရွက်ဖျန်းအားဆေးရည် ထုတ်လုပ်တဲ့ စက်ရုံနဲ့ ဓာတ်မြေဩဇာစက်ရုံတွေ တည်ဆောက်ဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ (MoC) ကို လက်မှတ်ရေးထိုးထားတယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ၃ ရက်နေ့ကနေ ၆ ရက်နေ့အထိ ရုရှားနိုင်ငံမှာကျင်းပတဲ့ ကိုးကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်ကို စစ်ကောင်စီက တက်ရောက်ခဲ့ပြီး ရုရှားနိုင်ငံနဲ့ ဆက်သွယ်မှု မြှင့်တင်ဖို့၊ ရုရှားအရှေ့ဖျားဒေသရဲ့ စီးပွားရေးအလားအလာ၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေနဲ့ အထူးစီးပွားရေးဇုန်တွေက အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ဖော်ပြပါတယ်။
စစ်ကောင်စီဟာ စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် မြန်မာနိုင်ငံတွင်း နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံနဲ့ လိုအပ်တဲ့ အခြေခံ အဆောက်အအုံတွေ တည်ဆောက်ဖို့အတွက်လည်း ရုရှားနိုင်ငံနဲ့ စစ်ကောင်စီတို့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ကုလသမဂ္ဂမှာ ဗီတိုအာဏာ သုံးခွင့်ရထားတဲ့ ရုရှားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်တာတွေကို သိသိသာသာ တိုးမြှင့်လုပ်ဆောင်လာတာပါ။
အခုလို ပူးပေါင်းဆောင်ရွက်မှုတွေ တိုးလုပ်လာတာဟာ ရုရှားလို နိုင်ငံကြီးတစ်ခုက စစ်ကောင်စီကို ထောက်ခံနေတယ်ဆိုတာ ပြသဖို့အတွက် လုပ်ဆောင်တာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။
ရုရှားနဲ့ မြန်မာစစ်တပ်ဟာ ၂၀၂၄ ခုနှစ်အတွင်း အကြိမ်ပေါင်း ငါးဆယ်ကျော် ပူးတွဲ စစ်ရေးလှုပ်ရှားဖို့ စီစဉ်ထားတဲ့အကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကို ကိုးကားပြီး ရုရှားအစိုးရအာဘော် RIA သတင်းဌာနက အခုနှစ် မတ်လထဲမှာ ဖော်ပြခဲ့ပါတယ်။
စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ အဖွဲ့အစည်းတွေကတော့ လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာတဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ နိုင်ငံတကာကို တောင်းဆိုထားပါတယ်။