အင်းလေလံ လုပ်ငန်း အဂတိလိုက်စားမှု လယ်သမားများ အထူးနစ်နာ
2011.05.10
AFP
ဟင်္သတ ခရိုင်က HRDP - လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ကိုကျော်လွင်က တရားဝင် အခွန်ငွေ ဆယ်သိန်း ပေးရတဲ့ အင်းတခု အတွက် အဆင့်ဆင့် အမြတ်ယူပုံကို RFA ကို ခုလိုရှင်းပြပါတယ်။
"ဒီအင်းကို ပိုင်ဆိုင်ဖို့ရာက နိုင်ငံတော်ကို ၁၀ သိန်းလောက် သွင်းရမယ်။ ရုံးမှာရှိတဲ့သူတွေကို ၁၅ သိန်းလောက် ပေးရမယ်။ ကျန်တဲ့ဟာကျတော့ ဂရံပိုင်ရှင်ကို သူတို့ အဲဒီလို အင်းမျိုးဆိုရင် အမြတ်သက်သက် သိန်း ၆၀ - ၇၀ လောက် ပေးပြီးတော့မှ လုပ်ပိုင်ခွင့် ရကြတယ်။
ပြီးတော့မှ သူတို့ မဆိုင်တဲ့၊ တောင်းပိုင်ခွင့်မရှိတဲ့ ဥပဒေတွေကို ချိုးဖောက်ပြီးတော့ လယ်သမားတွေကို လိုက်ပြီးတော့ ပိုက်ဆံတောင်းတာပေါ့။ သွားပြီးတော့ တိုင်လို့ရှိရင် တရားဥပဒေအရ မကျူးလွန်ဘဲနဲ့ ကျူးလွန်တယ်ဆိုပြီးတော့ လယ်သမားတွေ အရေးယူခံရတယ်။"
ကျုံပျော်မြို့နယ်က လယ်သမားကြီး တဦး ကလည်း မိမိ လယ်မြေမှာ ဖြစ်ပေါ်တဲ့ ရေပြင်ကနေ ကိုယ့်ဝမ်းစာ အတွက်တောင် ငါးဖမ်းခွင့် မရှိဘူးလို့လည်း အာအက်ဖ်အေကို ပြောပါတယ်။
အခုလို မိုးရာသီမှာ လယ်မြေများ အပေါ်ရေတင်ပြီးဖြစ်ပေါ်တဲ့ လယ်ကြားအင်းခေါ် ယာယီ အင်းများကို လုပ်ပိုင်ခွင့်ရရှိသူများက မိမိတို့အရင်းကြေအောင် လယ်သမားတွေ အပေါ် မတရား ငွေကောက်ခံနေတာကို သက်ဆိုင်ရာကို တိုင်ကြားပေမဲ့ ထိထိရောက်ရောက် အရေးမယူဘူးလို့သိရပါတယ်။
အာဏာပိုင်တွေ ကိုယ်တိုင်က ကိုယ်တိုင် ရေလုပ်ငန်းမလုပ်ဘဲ အင်းဂရန်တွေ လုပ်စားဖို့ အထက်က ရရှိနေလို့ ခုလို နှုတ်ဆိပ်နေခြင်း ဖြစ်တယ်လို့ ကိုကျော်လွင်က ပြောပါတယ်။
"သူတို့ကလဲ ငြိမ်နေတယ်ဆိုတာက သူတို့ ကိုယ်တိုင်က အင်းဂရံ အပိုင်စားတွေ ရတယ်လေ။ သူတို့ကိုယ်တိုင်က သိန်း ၃၀ တို့ သိန်း ၄၀ တို့နဲ့ အမြတ်တင် ရောင်းစားတဲ့သူတွေ ဖြစ်နေတဲ့အတွက်။ ဒီရေလုပ်ငန်း ဝန်ကြီးဌာနက ဝန်ကြီးဆီကနေဘဲ တိုက်ရိုက် ခွဲတန်းချပြီးတော့ ဒီအင်းတွေကို လုပ်စားဆိုပြီး ခွဲတန်းချပေးလိုက်တာ။"
မြန်မာပြည်တဝှမ်း ဧရာဝတီတိုင်း ၊ပဲခူးတိုင်းနဲ့ စစ်ကိုင်းတိုင်း တို့မှာ အင်းဂရံပေါင်း ခုနှစ်သောင်းခန့်ရှိရာမှာ အများစုမှာ အခုလို အဂတိလိုက်စားမှုတွေ ရှိတယ်လို့ မကြာခဏ ကြားသိရပါတယ်။