အာဏာသိမ်း ၂၁ လအတွင်း ထိုင်းကို တရားမဝင် ဝင်ရောက်ရင်း အဖမ်းခံရသူ ရှစ်သောင်းနီးပါးရှိ

2022.11.02
အာဏာသိမ်း ၂၁ လအတွင်း ထိုင်းကို တရားမဝင် ဝင်ရောက်ရင်း အဖမ်းခံရသူ ရှစ်သောင်းနီးပါးရှိ ၂၀၂၁ ခုနှစ် အောက်တိုဘာလကုန်ပိုင်းက ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာသူများကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားစဉ်။
Photo: Citizen Journalist

စစ်တပ်အာဏာသိမ်းထားတဲ့ ၂၁ လအတွင်း မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို တရားမဝင် လမ်းတွေက ဝင်ရောက်ကြရင်း ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ရှစ်သောင်းနီးပါးအထိ ရှိတယ်လို့ ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။

အဖမ်းခံရသူအများစုဟာ ရနောင်းနဲ့ မဲဆောက်ဘက်ကနေ ဝင်ရောက်ကြသူတွေလို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်က RFA ကို ပြောပါတယ်။

"အာဏာသိမ်း ၂၁ လအတွင်းမှာ ဖမ်းဆီးခံရသူ ရှစ်သောင်းနီးပါး ရှိပါတယ်။ အခုဆိုရင် ထိုင်းကို ဝင်လာတဲ့သူတွေကို ထိုင်းရဲတွေက ပိုက်စိပ်တိုက် ရှာကြတာပေါ့။ ဘယ်လိုနည်း နဲ့ပဲ ဝင်လာလာ ထိုင်းရဲတွေကို ကျော်ပြီးသွားလို့ မရဘူး၊ အဖမ်းခံရတာ"

ဖမ်းဆီးခံရသူအများစုဟာ ထိုင်းဘက်ကို တရားမဝင် ဝင်ရောက်နိုင်ဖို့အတွက် ပွဲစားတွေကို အနိမ့်ဆုံးပွဲစားခ ဘတ်နှစ်သောင်းခွဲကနေ အများဆုံး ဘတ်လေးသောင်းအထိ မြန်မာ ကျပ်ငွေနဲ့ဆိုရင် ၁၃ သိန်းကနေ သိန်း ၃၀ အထိ ပေးနေရတာလို့ ဆိုပါတယ်။

မြန်မာနဲ့ ထိုင်းဟာ ကီလိုမီတာနှစ်ထောင်ကျော် နယ်နိမိတ်ချင်း ထိစပ်နေပေမယ့် အများဆုံးဝင်ထွက် သွားလာနေတာက မြ၀တီ တစ်ဖက်ကမ်း မဲဆောက်နဲ့ ကော့သောင်း တစ်ဖက်ကမ်း ရနောင်းနယ်စပ်က ဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီနေ သူတွေက ပြောပါတယ်။

တရားမဝင် ဝင်ရောက်လာသူတွေဟာ ထိုင်းရဲတွေဖမ်းမိရင် ထိုင်းနိုင်ငံ ဥပဒေအရ ထောင်တစ်နှစ်ချမှတ်ခံရပြီး လွတ်ရက်စေ့တာနဲ့ နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း မြန်မာပြည်ဘက်ကို ပြန်ပို့ပေးတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။