အာဏာသိမ်းပြီးနောက် လေကြောင်းတိုက်ခိုက်ခံရမှုပေါင်း ၅၈၀၀ နီးပါးရှိလာ
2024.08.06
အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း စစ်ကောင်စီတပ်က နိုင်ငံအနှံ့ကို လေကြောင်းတိုက်ခိုက်အမှု အကြိမ်ရေ ၅၈၀၀ နီးပါးအထိ လုပ်ခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခု ဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအင်စတီကျု (ISP-Myanmar) က ဩဂုတ်လ ၅ ရက်နေ့မှာ ဖော်ပြပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလက စခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ်မှာ လေကြောင်း တိုက်ခိုက်ခံရမှု အကြိမ်ရေ ၁၅၀၀ ကျော်ရှိခဲ့ပြီး ဒါဟာ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုရဲ့ ၂၆ ရာခိုင်နှုန်းကျော်နဲ့ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ဒုတိယအများဆုံးက ကယားပြည်နယ်ဖြစ်ပြီး လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ် ၁၂၀၀ ကျော် ရှိခဲ့ပါတယ်။
နိုင်ငံတစ်ဝန်းက မြို့နယ် ၃၃၀ အနက် ၁၄၇ မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက မြို့နယ် ၃၃ ခုနဲ့ အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်က ၂၅ မြို့နယ်နဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ နှစ်ဆနီးပါးတိုးလာခဲ့ပြီး စစ်ဆင်ရေးမစခင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ နှစ်ထောင်ခန့်သာရှိပေမဲ့ စစ်ဆင်ရေးနောက်ပိုင်း အကြိမ်ရေ ၃၈၀၀ ထက်မနည်း အထိ ရှိလာတယ်လို့ ဆိုပါတယ်။
နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးရတဲ့ အရေအတွက်ကိုတော့ ISP Myanmar က ဖော်ပြထားတာ မရှိပါဘူး။
ဩဂုတ်လ ၄ ရက်နေ့တုန်းကတော့ ကာကွယ်ရေးတပ်ထိန်းချုပ်ထားတဲ့ စဥ့်ကူးမြို့နယ်က ကံတောင်နဲ့ နွယ်ရုံရွာကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့လို့ အရပ်သား ၁၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေပြီး ဩဂုတ်လ ၅ ရက်နေ့မှာ ကွတ်ခိုင်မြို့ပေါ်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ လူလေးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ သုံးနှစ်ကျော် အတွင်း စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် စုစုပေါင်း အရပ်သား နှစ်ထောင်နီးပါး (၁၉၄၂ ဦး ) သေဆုံးခဲ့ပြီး ဒဏ်ရာရသူကတော့ လေးထောင်နီးပါး (၃၈၆၆ ဦး) အထိ ရှိပါတယ်။