ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင် အယူခံကို ပြည်နယ်တရားလွှတ်တော်ပယ်ချ


2019.05.22
dr-ayemaung-arrest-622.jpg ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံထားရတဲ့ ဒေါက်တာအေးမောင် ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မတွေနဲ့ ဖမ်းဆီးခံရပြီး ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ရဲ့ အယူခံကို ရခိုင်ပြည်နယ် တရား လွှတ်တော်က မနေ့က ပယ်ချလိုက်ပါတယ်။

ပြည်နယ်တရားလွှတ်တော်က အမှုအယူခံကို ပယ်ချလိုက်တာကြောင့် နေပြည်တော် ပြည်ထောင်စု တရား လွှတ်တော်ချုပ်ကို အမြန်ဆုံး ဆက်လက် အယူခံတက်သွားမယ်လို့ ဒေါက်တာအေးမောင်ရဲ့ သားဖြစ်သူ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်း က RFA ကို ပြောပါတယ်။

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ရဲ့ အမှုအယူခံကို မနေ့က ရခိုင်ပြည်နယ် တရားလွှတ်တော်ကို တင်သွင်းရာမှာ အယူခံလွှာကို လက်မခံဘဲ ပယ်ချလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလက ရသေ့တောင်မြို့မှာ ကျင်းပတဲ့ ဟောပြောပွဲတစ်ခုမှာ ရခိုင်လက်နက်ကိုင်တော်လှန်ရေးကိစ္စကို ထည့်သွင်းဟောပြောခဲ့တယ်ဆိုပြီး အစိုးရက ပုဒ်မ ၂ ခုနဲ့ တရားစွဲဆိုခဲ့တာပါ။ အဲဒီအမှုထဲက နိုင်ငံတော်ပုန်ကန်မှုအတွက် ထောင်ဒဏ် နှစ် ၂၀၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုအတွက် ထောင်ဒဏ် ၂ နှစ်စီ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့မှာ အမိန့်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ထောင်ဒဏ် ချမှတ်ပြီးနောက်မှာတော့ ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင်တို့ကို စစ်တွေအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကတော့ ရန်ကုန် အင်းစိန်အကျဉ်းထောင်ကို ပြောင်းရွှေ့ လိုက်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။