မြန်မာနိုင်ငံမှာ ကိုဗစ် - ၁၉ ကူးစက်မှု တစ်ကျော့ပြန် မြင့်တက်လာ

2022.09.12
မြန်မာနိုင်ငံမှာ ကိုဗစ် - ၁၉ ကူးစက်မှု တစ်ကျော့ပြန် မြင့်တက်လာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့က ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေစဉ်။
Photo: MPA

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှု တစ်ကျော့ပြန် မြင့်တက်လာပြီး စက်တင်ဘာ ၁၁ ရက် မနေ့က တစ်ရက်တည်းမှာတင် ကူးစက်ခံရသူ ၁၈၉ ဦး ရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၁၁ ရက် ည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ ဓာတ်ခွဲနမူနာ ၉,၃၇၈ ခု ကို စစ်ဆေးခဲ့ရာမှာ လူ ၁၈၉ ဦးရဲ့ ဓာတ်ခွဲနမူနာတွေမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရပြီး၊ ပိုးတွေ့ရှိမှု ၂ ဒဿမ ၀၁ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ဩဂုတ်လနဲ့ နှိုင်းယှဉ်ရင် အခု စက်တင်ဘာလဆန်းမှာ တစ်ရက်အတွင်း အများဆုံး ကူးစက်ခံရမှု ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၈၉ ဦးအနက် ၁၇၃ ဦးက ပြည်တွင်းမှာတင် ကူးစက်တာဖြစ်ပြီး ကျန် ၁၆ ဦးက ပြည်ပကနေ ကူးစက်ခံရသူတွေလို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် ဆရာဝန်အများစု အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်နေမှု၊ စစ်ကောင်စီရဲ့ စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့် အိမ်သုံးဆေးဝါး၊ အားဆေးအမျိုးမျိုးနဲ့ အောက်ဆီဂျင် မလုံလောက်မှုနဲ့ စျေးနှစ်ဆမြင့်တက်မှု၊ နဂိုကတည်းက အစိုးရဆေးရုံတွေမှာ ဆေးဝါးနဲ့ ဆရာဝန် မလုံလောက်မှုတွေကြောင့် မြန်မာပြည်သူတွေဟာ ပြီးခဲ့တဲ့ ကိုဗစ် တတိယလှိုင်းဒဏ်ကို အပြင်းအထန် ခံစားခဲ့ရပါတယ်။

အခုတစ်ကျော့ပြန် ကူးစက်မှုမှာ ပြီးခဲ့တဲ့ ကိုဗစ်တတိယလှိုင်းလို သေဆုံးထိခိုက်မှုများမှာကို စိုးရိမ်မိတယ်လို့ ရန်ကုန်မြို့က အိမ်ရှင်မတစ်ဦးက RFA ကို ပြောပါတယ်။

"အခုက ကာကွယ်ဆေးထိုးထားလည်း ကူးတာပဲ၊ အဓိကတော့ ကိုယ့်ဘာသာကိုယ် ဘေးကင်းအောင် နေရတာပေါ့။ အရှေ့မှာလည်း သေသွားတာ မနည်းဘူးလေ။ တတိယလှိုင်းမှာဖြစ်သွားတဲ့ သင်ခန်းစာကို ယူပြီးတော့မှ ဘေးကင်းအောင်နေရမှာပါ။ တစ်ခါတစ်လေကျတော့ လူတွေမှာ သူတို့အပူတွေ ရှိတယ်။ စီးပွားရေး၊ လူမှုရေး စသဖြင့်ပေါ့။ အဲလိုအပူတွေကြောင့် နှာခေါင်းစည်းတွေ မတပ်မိတာ၊ တပ်ထားပေမယ့် မေ့စေ့ချိတ်ထားတာတွေလည်း ရှိတယ်။ အဲလိုကျရင်တော့ အချင်းချင်း နှာခေါင်းစည်း တပ်ဖို့ အသိပေးတဲ့ ပုံစံနဲ့သွားရမှာ"

ပြည်သူတွေ ကျန်းမာရေးကိစ္စ အရေးပေါ်လိုအပ်လာတိုင်း စေတနာ့ဝန်ထမ်း ကူညီပေးလေ့ ရှိတဲ့ ရန်ကုန်မြို့က လူမှုကူညီရေးအဖွဲ့တွေကလည်း ကိုဗစ် - ၁၉ နဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြည်သူတွေ ပြန်လည် အလေးထားလိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းမှာ ကိုဗစ်ကပ်ရောဂါ စတင်ကူးစက်တဲ့ ၂၀၂၀ နှစ်ဆန်းပိုင်းကနေ အခု ၂၀၂၂ စက်တင်ဘာလဆန်းအထိ ကိုဗစ်ကူးစက်ခံရသူ ၆၁၆၆၆၃ ဦး ရှိပြီး ၁၉၄၄၂ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။