ကိုဗစ်ကူးစက်မှု ပြန်များလာ၊ ငါးရက်အတွင်း အတည်ပြုလူနာ ၁၄၀ နီးပါးရှိ

RFA Burmese
2023.04.23
ကိုဗစ်ကူးစက်မှု ပြန်များလာ၊ ငါးရက်အတွင်း အတည်ပြုလူနာ ၁၄၀ နီးပါးရှိ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ကျန်းမာရေးနှာခေါင်းစည်းတပ် သွားလာနေကြသည့်ပြည်သူများအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့က တွေ့ရစဉ်။
STR / AFP

ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ ကိုဗစ် - ၁၉ ကူးစက်မှုတွေ ပြန်များလာတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းစာတွေကတစ်ဆင့် ကြေညာထား ပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ လျော့သွားခဲ့ပေမယ့် အခု ဧပြီလနောက်ဆုံး အပတ်မှာပဲ ကူးစက်မှုအရေအတွက် ပြန်ပြီးတိုးလာနေတာပါ။

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၈ ရက်ကနေ ၂၂ ရက်အထိ ငါးရက်အတွင်းမှာတင် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၃၉ ဦးအထိ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဓာတ်ခွဲစစ်ဆေးချက်တွေအရ ဧပြီလ ၂၂ ရက် တစ်နေ့တည်းမှာပဲ ကိုဗစ်-၁၉ အတည်ပြု လူနာ ၄၆ ဦးအထိ ရှိလာတယ်လို့ ဖော်ပြထားပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆေးကုသရေးဆရာဝန်တစ်ဦးကလည်း လူနေထူထပ်တဲ့ ရန်ကုန်လိုနေရာမှာ အခုရက်ပိုင်း အသက်ကြီးငယ်မရွေး ဖျားနာမှုတွေများလာတယ်လို့ RFA ကို ပြောပါတယ်။

အဲဒီဖျားနာမှုတွေဟာ အပူချိန်မြင့်လွန်းတာကြောင့်ဖြစ်နိုင်သလို ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံရတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ အားဖြည့် ထပ်ဆောင်း ကာကွယ်ဆေး ထိုးကြဖို့၊ လူစုလူဝေးရှောင်ကြဖို့နဲ့ တစ်ကိုယ်ရေကာကွယ်ရေး နည်းလမ်းတွေကို လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။

စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနစာရင်းအရ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၉,၄၉၀ ဦးရှိလာပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။