အတိုက်အခံနှိမ်နင်းဖို့ ကိုဗစ်ကို လက်နက်တစ်ခုသဖွယ် သုံးတယ်လို့ ပြည်ပလေ့လာသူပြော

ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2021-07-27
Share

ဇူလိုင်လ ၂၇ရက်နေ့က အွန်လိုင်းကနေ ပြုလုပ်တဲ့ Heritage Foundation ရဲ့ ဆွေးနွေးပွဲမှာ ရိုဟင်ဂျာ လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနု၊ မြန်မာ့အရေး လှုပ်ရှားသူ Mike Mitchel၊ လူ့အခွင့်အရေး စောင့်ကြည့်အရေးအဖွဲ့ HRW နဲ့ Earth Right International အဖွဲ့တွေက မြန်မာ့အရေးကျွမ်းကျင်သူတွေ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

"ကျွန်တော်ကတော့ မြန်မာစစ်တပ်ဟာ နိုင်ငံရေး အတိုက်အခံ အင်အားစုတွေကို တိုက်ခိုက်အနိုင်ယူနိုင်ဖို့အတွက် covid 19 ရောဂါပိုးကို ဇီဝလက်နက်အဖြစ် အသုံးပြုခဲ့တာလို့ ယုံကြည်ပါတယ်"

ဖောဖော်ဝါရီလ ၁ရက် အာဏာသိမ်းမှုနောက်ပိုင်းမှာ အစိုးရ ဝန်ထမ်းတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုတွေဟာ အာဏာသိမ်းစစ်ကောင်စီအတွက် အဓိကစိန်ခေါ်မှုတစ်ခုဖြစ်လာပြီး ဆရာဝန်သူနာပြုတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်အထိဟာ CDM လှုပ်ရှားမှုမှာ ပါဝင်လာခဲ့ကြောင်း မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ Mike Mitchel က ပြောပါတယ်။

"ကျွန်တော်ကတော့ မြန်မာစစ်တပ်ဟာ နိုင်ငံရေး အတိုက်အခံ အင်အားစုတွေကို တိုက်ခိုက်အနိုင်ယူနိုင်ဖို့အတွက် covid 19 ရောဂါပိုးကို ဇီဝလက်နက်အဖြစ် အသုံးပြုခဲ့တာလို့ ယုံကြည်ပါတယ်။ မြန်မာစစ်တပ်ဟာ မြန်မာပြည်သူတွေအပေါ်တင်မကဘဲ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တစ်ခုလုံးအပေါ်ကို စနစ်တကျ ပြင်ဆင်ထားတဲ့ တိုက်ခိုက်မှုတွေ ထပ်တလဲလဲ လုပ်ခဲ့တာတွေ့နိုင်ပါတယ်။ ခုအချိန်မှာ ဆရာဝန် ၄ဝဝ လောက်နဲ့ သူနာပြု ၁၈ဝ ကို ဖမ်းဆီးဖို့ ဝရမ်း ထုတ်ခံထားရပြီး၊ အနည်းဆုံး ၁၅၇ ဦးကို ဖမ်းဆီးခံထားရသလို ၁၂ ဦး လောက်ကတော့ သတ်ဖြတ်ခံထားရပါတယ်။ စစ်တပ်က ဖမ်းဆီးထားတဲ့ အထဲမှာ ကိုဗစ် ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်အကြီးအကဲ ဒေါက်တာထားထားလင်း၊ သူမ အမျိုးသား နဲ့ ၇ နှစ်အရွယ် သားငယ်တို့ကိုပါ နိုင်ငံတော် ပုန်ကန်မှုနဲ့ စွဲဆိုခံထားရပါတယ်။ အာဏာသိမ်းပြီး နောက်ပိုင်း ဆေးရုံ ၅၁ ရုံလောက်အထိ ကို စစ်တပ်က သိမ်းယူထားခဲ့ပါတယ်"

ဒါ့အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ဆရာဝန်တွေကို ကိုဗစ် လူနာအယောင်ဆောင် လာရောက်ဖမ်းဆီးပြီး၊ ဆေးခန်းက ဆေးနဲ့ ဆေးပစ္စည်းတွေ၊ အောက်ဆီဂျင်အိုးတွေကို သိမ်းယူသွားတာတွေ လုပ်ခဲ့တာ တွေ့ရပါတယ်။ သိမ်းယူသွားတဲ့ အောက်စီဂျင်တွေနဲ့ ဆေးပစ္စည်းတွေကို သူတို့ ထိန်းသိမ်းထားတဲ့ ဆေးရုံတွေကို ပေးပို့ခဲ့တာ သံသယဖြစ်စရာမရှိပါဘူး။

oxygen.jpg
ဇူလိုင်လ အစောပိုင်းက ရန်ကုန်မြို့မှာ အောက်ဆီဂျင်အိုး ဖြည့်နိုင်ဖို့ တန်းစီစောင့်ဆိုင်းနေကြသူများ။ (Photo: AFP)

RFA မြန်မာပိုင်းက သတင်းတစ်ပုဒ်မှာ စစ်ကောင်စီ တပ်ဖွဲ့တွေ ကျန်းမာရေးဝန်ထမ်းတွေကို တိုက်ခိုက်နေတဲ့ ဗွီဒီယိုမှတ်တမ်း သက်သေအထောက်အထားတွေကို ကြည့်မယ်ဆိုရင် ဒီလို ပဋိပက္ခကာလအတွင်းမှာ တိုက်ခိုက်မှုမလုပ်ဘဲ ကင်းလွတ်ခွင့် ပေးထားရမယ့် ကျန်းမာရေးဝန်ထမ်းတွေကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်နေတာကို တွေ့ရကြောင်း၊ ဒီလုပ်ရပ်တွေဟာ ထိပ်ပိုင်းစစ်တပ်ခေါင်းဆောင်တွေရဲ့ နောက်ကွယ်က အားပေးထောက်ခံမှုမပါဘဲ မဖြစ်နိုင်ဘူးလို့ Mike Mitchel က သုံးသပ်ပါတယ်။

ဒီလို ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လုပ်ရပ်တွေကို ဆီးရီးယား စစ်ပွဲအတွင်းမှာလဲ တွေ့မြင်ခဲ့ရကြောင်း၊ ဆီးရီးယား အာဏာရှင် အာဆက်ရဲ့ တပ်ဖွဲ့တွေဟာ ပဋိပက္ခကာလအတွင်းမှာ ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး၊ ပြည်သူလူထုအကြားမှာ ထိတ်လန့်တုန်လှုပ်အောင် လုပ်ခဲ့တဲ့အကြောင်း၊ ဆေးဝါးကုသပေမယ့်သူတွေ မရှိတော့တဲ့နောက် ပြည်သူတွေ အမြောက်အမြား အသက်သေဆုံးကြရပြီး၊ အာဏာရှင်အစိုးရကို ဆန့်ကျင်တော်လှန်မှုတွေ အားလျော့သွားတာ တွေ့ရတဲ့အကြောင်း သူက ပြောပါတယ်။

ဆီးရီးယားနဲ့ မြန်မာစစ်အစိုးရနှစ်ရပ်လုံးဟာ ရုရှားအစိုးရနဲ့ နီးကပ်တဲ့ဆက်ဆံရေး ရှိနေတဲ့အတွက် မဟာဗျူဟာအရ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနိုင်တဲ့ အကြောင်းကိုလည်း Mike Mitchel က သုံးသပ်ပါတယ်။

213396573_1458822844456562_6276689334012748410_n.jpg
ဇူလိုင်လ ၁၄ ရက်နေ့က ရေဝေးသုသာန်မှာ ရုပ်အလောင်းတွေ မီးသဂြိုဟ်ဖို့ စောင့်ဆိုင်းနေကြသူများ။(Photo: CJ)

ရိုဟင်ဂျာ လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနုက မြန်မာပြည်သူတွေအနေနဲ့ မြန်မာစစ်ကောင်စီအနေနဲ့ မဖြစ်မနေ လိုက်နာလုပ်ဆောင်ရမယ့် ဆုံးဖြတ်ချက် binding resolution တစ်ခုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ချမှတ်ပေးဖို့ လိုလားကြောင်း၊ ဒီဆုံးဖြတ်ချက်ထဲမှာ တကမ္ဘာလုံး အတိုင်းအတာနဲ့ လက်နက်ရောင်းချမှု ပိတ်ပင်တာ၊ ပိတ်ဆို့ အရေးယူမှုတွေနဲ့ စစ်တပ်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုအားလုံးအတွက် ICC တရားရုံးကို တင်သွင်းခွင့်ရဖို့ စတာတွေအားလုံး ပါဝင်ဖို့ မျှော်လင့်ထားကြောင်း၊ ဒီလို မလုပ်ဆောင်နိုင်ရင် မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ပိုမို ရှည်ကြာလာပြီး၊ စစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဆက်ဖြစ်နေလိမ့်မယ်လို့ ပြောသွားပါတယ်။

အမေရိကန် နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွက် အများကြီး လုပ်ပေးနိုင်ပေမယ့်၊ လူသားချင်းစာနာမှု အကူအညီတွေ ပေးတာအပြင်၊ ထိရောက်တဲ့ ဖြေရှင်းနည်းတွေ နဲ့ တရားမျှတမှု ရဖို့ လုပ်ပေးတာတွေ မရှိသေးတဲ့အကြောင်းလည်း မဝေဝေနုက ပြောသွားပါတယ်။

လက်ရှိအချိန်မှာ ဂျိုးဘိုင်ဒင် အစိုးရဟာ မြန်မာ နိုင်ငံအရေးနဲ့ ပတ်သက်ပြီး ထိရောက် ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေ လုပ်ဖို့ ဆန္ဒရှိနေပေမယ့်၊ နိုင်ငံရေးအရ စုစည်းညီညွတ်တဲ့ အရေးယူမှုတွေ ဖြစ်လာဖို့ အခက်အခဲ ရှိနေတဲ့အကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က John Sifton က ပြောပါတယ်။

oxygen-filling.jpg
ဇူလိုင်လ အစောပိုင်းက ရန်ကုန်မြို့မှာ အောက်ဆီဂျင်အိုး ဖြည့်နိုင်ဖို့ တန်းစီစောင့်ဆိုင်းနေကြသူများ။ (Photo: AFP)

သမ္မတ ဂျိုးဘိုင်ဒင် အစိုးရဟာ မြန်မာစစ်တပ်ရဲ့ သဘာဝဓာတ်ငွေ့တင်ပို့မှုကနေ ရနေတဲ့ ဝင်ငွေတွေကို ပိတ်ဆို့ အရေးယူဖို့ ကြိုးစားနေရာမှာ ဥရောပသမဂ္ဂ နိုင်ငံတွေကလည်း အလားတူအရေးယူနိုင်ဖို့ ကြိုးစားနေပေမယ့် ပိတ်ဆို့အရေးယူမှုကြောင့် ပြင်သစ်ကုမ္ပဏီအချို့ကို ထိခိုက်မှု ရှိလာနိုင်တဲ့ အခြေအနေ ရှိနေတဲ့အတွက် စုစည်းညီညွတ်တဲ့ တပြိုင်နက် အရေးယူပိတ်ဆို့မှုမျိုး ဖြစ်လာအောင် လုပ်ဖို့ အခက်အခဲ ရှိနေတဲ့ အကြောင်း၊ အထူးသဖြင့် မြန်မာစစ်တပ်ပိုင် ကုမဏီတွေက ထုတ်ကုန်တွေကို အဓိကဝယ်ယူနေပြီး၊ ငွေကြေးလွှဲပြောင်းမှုတွေအတွက် ဝန်ဆောင်မှုပေးနေတဲ့ ထိုင်းနိုင်ငံကို အရေးယူမှုမှာ ပါဝင်လာအောင် စည်းရုံးဖို့ အရေးကြီးတဲ့အကြောင်း John Siften က ပြောပါတယ်။

အီးယူ လူသားချင်းစာနာမှုအကူအညီပေးရေး ကော်မရှင်ရဲ့ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံမှာ အရေးပေါ်လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့သူ ကိုးသိန်းခွဲခန့်၊ နေအိမ်စွန့်ခွာ ထွက်ပြေးနေရသူ သုံးသိန်းကျော်နဲ့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးနေရသူ နှစ်သိန်းလောက်အထိ ရှိနေပြီး၊ ဒီ ဒုက္ခသည်တွေဟာ ကျဉ်းကြပ်တဲ့ ဒုက္ခသည်စခန်းတွေမှာ အတူတကွ နေထိုင်ရတဲ့အတွက် ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှုအတွက် ဖြစ်နိုင်ခြေအလွန်များတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဒီဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့