နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေး ပူးပေါင်းလုပ်ဆောင်ဖို့ ဖက်ဒရယ်ဒီမိုကရေစီအင်အားစုတွေတောင်းဆို

RFA Burmese
2025.01.20
နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေး ပူးပေါင်းလုပ်ဆောင်ဖို့ ဖက်ဒရယ်ဒီမိုကရေစီအင်အားစုတွေတောင်းဆို 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ပါဝင်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများအား UWSA 'ဝ' တပ်ဖွဲ့က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းနေစဉ်။
Photo: WSTV

အွန်လိုင်းငွေလိမ်လုပ်ငန်းကိစ္စအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းတွေ ထိရောက်စွာတိုက်ဖျက်နိုင်‌ဖို့အတွက် ပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်း တည်ထောင်ဖို့ အိမ်နီးချင်းနိုင်ငံတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီအင်အားစုတွေက ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတွေကို နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်မျှဝေတာတွေကို ထိရောက်တဲ့ လမ်းကြောင်းတွေ တည်ထောင်သွားဖို့ တောင်းဆိုလိုက်တာပါ။

အတူတကွလုပ်ဆောင်နိုင်မယ်ဆိုရင် အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ လူသားတွေကို အမြတ်ထုတ်တဲ့ကိစ္စလို ရာဇဝတ်မှုတွေကို အမြစ်ပြတ်တိုက်ဖျက်နိုင်ပြီး တရားမျှတမှုနဲ့ တည်ငြိမ်အေးချမ်းတဲ့ အုပ်ချုပ်ရေးကို ပြန်လည်ထူထောင်နိုင်မယ်လို့ဆိုပါတယ်။

ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံတွေက တစ်စုံတစ်ရာတုံ့ပြန်ပြောဆိုတာမရှိသေးပါဘူး။

စစ်ကောင်စီအနေနဲ့ အာဏာတည်မြဲရေးအတွက်ပဲ အာရုံစိုက်နေပြီး နိုင်ငံဖြတ်ကျော်မှုခင်းပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ မစွမ်းဆောင်နိုင်တာ (ဒါမှမဟုတ်) ဖြေရှင်းလိုတဲ့ ဆန္ဒမရှိတာကို တွေ့ရတယ်လို့လည်း ဖက်ဒရယ်ဒီမိုကရေစီအင်အားစုတွေရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုတွေက မြန်မာနိုင်ငံရဲ့ ကျယ်ပြန့်တဲ့နယ်မြေအသီးသီးကို ထိန်းချုပ်ထားကြောင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှစ်နိုင်ငံချင်း ထိတွေ့ဆက်ဆံတာတွေ ဖြစ်စေ၊ အာဆီယံဒေသတွင်းနဲ့ ကုလသမဂ္ဂ အေဂျင်စီတွေကဖြစ်စေ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်းလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

မြန်မာနိုင်ငံဟာ ရာဇဝတ်မှုတွေရဲ့ ဗဟိုချက်မ မဖြစ်လာအောင် ကာကွယ်တားဆီးဖို့ ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုတွေက ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ချထားတယ်လို့လည်း ပြောထားပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီအင်အားစုမှာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ - စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး (NMSP-AD)၊ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB) စတဲ့ အဖွဲ့တွေ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။