စစ်ကောင်စီကို နိုင်ငံတကာက ထိရောက်စွာအရေးယူပေးဖို့ CRPH တောင်းဆို
2023.05.09
စစ်ကောင်စီကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ အမြန်ဆုံးရပ်တန့်အောင် ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာက ထိရောက်စွာအရေးယူပေးဖို့ တိုက်တွန်းတဲ့ဆုံးဖြတ်ချက်ကို မေလ ၈ ရက်နေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးမှာ ချမှတ်ခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ပါတယ်။
အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှု အပါအဝင် စစ်ကောင်စီ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ အမြန်ဆုံးအဆုံးသတ်နိုင်ရေးအတွက် အခုလိုချမှတ်ခဲ့တာလို့ အဲဒီအထူးအစည်းအဝေး ဆုံးဖြတ်ချက်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာ၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာနဲ့ ကချင်ပြည်နယ်၊ အနန့်ပါကို လေကြောင်းတိုက်ခိုက်မှု အပါအဝင် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် မိုဆိုရွာနီး မီးရှို့သတ်ဖြတ်မှုတွေဟာ စစ်ကောင်စီကျူးလွန်တဲ့ ရာဇဝတ်မှုတွေထဲက အဆိုးရွားဆုံး အကြမ်းဖက်မှုဖြစ်တယ်လို့လည်း ပါဝင်ပါတယ်။
အာဏာသိမ်းနှစ်နှစ်ကျော်အတွင်းမှာ နေအိမ်ပေါင်းခုနစ်သောင်းကျော် မီးရှို့ခံခဲ့ရပြီး သက်ကြီးရွယ်အိုနဲ့ မသန်းစွမ်းသူတွေ မီးလောင်သေဆုံးခဲ့သလို နေရပ်စွန့်ခွာထွက်ပြေး ရသူလည်း ၁ ဒသမ ၇၆ သန်းကျော်နေပြီလို့ ဆိုပါတယ်။
အခုလို ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဟာ တရားရေးအရ အရေးယူဆောင်ရွက်မှု မရှိတာနဲ့ ပြစ်ဒဏ်ကကွင်းလွတ်ခွင့် ရနေတာကြောင့်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် စစ်ကောင်စီထံ လေယာဉ်ဆီ၊ စစ်လက်နက်နဲ့ စစ်အသုံးအဆောင်တွေ တင်ပို့ရောင်းချတာ မလုပ်ဖို့၊ စစ်ကောင်စီကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံးနဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံးတွေမှာ တရားစီရင်နိုင်ရေး နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ပေးဖို့ အချက်တွေအပါအဝင် တောင်းဆိုတိုက်တွန်းချက် ၁၃ ချက်ကို ဆုံးဖြတ်အတည်ပြုခဲ့တာပါ။
ဒီဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာပြန်လည်တုံ့ပြန် တာ မတွေ့ရသေးပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး ဘယ်တော့မှမလုပ်ဘူးလို့ အရင်က ဖြေဆိုဘူးပါတယ်။
အခုလို ဆုံးဖြတ်ချက်ချနိုင်တာဟာ မြန်မာနိုင်ငံရဲ့ အာဏာရှင်စနစ်အဆုံးသတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်နိုင်ရေး ကြိုးပမ်းမှုမှာ နိုင်ငံတကာဆီက လက်တွေ့ကျတဲ့အကူအညီတွေရရှိဖို့ သံတမန်ရေးနည်းအရ ကြိုးပမ်းမှုဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ထားပါတယ်။