ရွေးကောက်ခံကိုယ်စားလှယ်တွေ ဖမ်းဆီးသတ်ဖြတ်ခံရမှု နိုင်ငံတကာပါလီမန်မှာ CRPH တင်ပြ
2023.03.16

ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေအပေါ် အာဏာသိမ်းစစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာပါလီမန်များညီလာခံမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က တင်ပြလိုက်ပါတယ်။
ဘာရိန်းနိုင်ငံ၊ မနားမားမြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို လေ့လာသူအဖြစ် တက်ရောက်နေတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဝင် NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရှင်းလင်းတင်ပြခဲ့တာပါ။

မတရားဖမ်းဆီးခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခြေအနေတွေ၊ မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေကို ခြိမ်းခြောက်ဖမ်းဆီးထား တာတွေအပါအဝင် ပိုင်ဆိုင်မှုတွေကို သိမ်းယူထားတာတွေကို တင်ပြခဲ့တယ်လို့ CRPH က မတ်လ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဘီးလင်းမဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ကိစ္စအပါအဝင် တိမ်းရှောင်နေစဉ် ဆေးကုသဖို့ အခက်အခဲကြောင့် သေဆုံးခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခြေအနေတွေကိုလည်း တင်ပြခဲ့တယ်လို့ ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၂၅ ဦးကို အာဏာသိမ်းစစ်ကောင်စီက ဥပဒေမဲ့ ဖမ်းဆီးခဲ့ပြီး လက်ရှိမှာ ၈၇ ဦး အဖမ်းခံထားရဆဲဖြစ်ကြောင်း CRPH က နိုင်ငံတကာပါလီမန်များညီလာခံမှာ တင်ပြခဲ့ပါတယ်။
ဖမ်းဆီးခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ် အားလုံးနီးပါးဟာ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။