မြန်မာ့အရေး အမြန်ဆုံးကြားဝင်ဖို့ ကုလသမဂ္ဂကို CRPH တောင်းဆို

ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2021-04-09
Share

လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စီးပွားရေးအရပ်ရပ်ဟာ လုံးဝပြိုလဲတော့မယ့်အခြေအနေ ရောက်ဖို့ တဖြည်းဖြည်း နီးကပ်နေပြီလို့ မနေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲမှာ နိုင်ငံတကာလုံခြုံရေးဆိုင်ရာ လွတ်လပ်တဲ့ လေ့လာသုံးသပ်သူ တစ်ဦးက ပြောလိုက်ပါတယ်။ ဒီဆွေးနွေးပွဲဟာ မြန်မာပြည်က အသံများဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြတာပါ။

ပြည်သူတွေကို မတရားဖိနှိပ်နေတဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ လုပ်ရပ်တွေ ရပ်တန့်ဖို့ နဲ့ တရားဥပဒေ စိုးမိုးမှု ပြန်လည်ရရှိဖို့ နိုင်ငံတကာကနေ ဝင်ရောက်ကူညီဖို့လည်း မြန်မာနိုင်ငံက တက်ရောက်တဲ့ CRPHက တောင်းဆိုလိုက်ပါတယ်။

မနေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလွတ်သဘောဆွေးနွေးပွဲ Arria ညီလာခံမှာ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နိုင်ငံ အမြဲတမ်း သံအမတ်ကြီး Barbara Woodward က သဘာပတိ အဖြစ် ဆောက်ရွက်ပြီး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အဖွဲ့က မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ထားတဲ့ ဒေါ်ဇင်မာအောင်၊ ICG နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ ICG က Richard Horsey နဲ့ မြန်မာ အရပ်ဖက်အဖွဲ့အစည်းခေါင်းဆောင် ဦးစိုင်းစံခမ်းတို့က တက်ရောက်စကားပြောခဲ့ကြပါတယ်။

ဒီ အစည်းအဝေးမှာ ရှမ်းတိုင်းရင်းသား အရပ်ဘက်ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ဦးစိုင်းစံခမ်းက ခုလို ပြောသွားပါတယ်။

“ဖေဖော်ဝါရီလ ၁ ရက်နေ့စတင်တဲ့ မြန်မာ စစ်တပ်ရဲ့ တရားမဝင်တဲ့ အာဏာသိမ်းမှု ဖြစ်ရပ်နောက်ပိုင်းမှာ အရပ်သား ၂၈၀၀ ကျော် ဖမ်းဆီးခံထားရပြီး၊ အများအပြားက ပုန်းအောင်နေရဆဲ ဖြစ်သလို၊ အရပ်သား ၆၀၀ လောက်ဟာ လမ်းမပေါ်နဲ့ သူတို့ရဲ့ နေအိမ်တွေထဲမှာ သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။ အများစုက ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး၊ အချို့ကတော့ ဆန္ဒပြ တပ်စခန်းတွေကို RPG လောင်ချာနဲ့ ပစ်ခတ်ပြီး ဖြိုခွင်းရာမှာ ထိမှန် သေဆုံးခဲ့တာပါ။ အာဏာသိမ်း စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်က စစ်သားနဲ့ ရဲတပ်ဖွဲ့ ဝင်တွေဟာ အရပ်သား ပြည်သူတွေကို တရာစီရင်မှု မရှိပဲ သတ်ဖြတ်တာ၊ နှိပ်စက်ညှဉ်းပန်းတာနဲ့ အရပ်သားပြည်သူတွေ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ခိုးယူဖျက်ဆီးတာတွေ လုပ်ခဲ့ကြပြီး၊ အပြစ်ပေးအရေးယူခံရတာ လုံးဝမရှိခဲ့ပါဘူး”

လုံခြုံရေးကောင်စီရဲ့ ထောက်ခံမှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မြန်မာပြည်သူတွေဟာ ဒီမိုကရေစီ ထွန်းကားတဲ့ အနာဂတ် ဖြစ်ပေါ်လာဖို့ ဆက်လက် ကြိုးပမ်းသွားမှာဖြစ်ပြီး၊ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေဘက်က ရပ်တည်မလား၊ အာဏာသိမ်းထားတဲ့ စစ်ရာဇဝတ်ကောင်တွေဘက်က ရပ်တည်မလားဆိုတာ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ သူက ပြောသွားပါတယ်။

နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ ICG က Richard Horsey က အခုလို ပြောသွားပါတယ်။

“အခုအချိန်မှာ အာဏာသိမ်း စစ်ကောင်စီဟာ အကြမ်းဖက် အင်အားသုံး ဖြိုခွင်းမှုတွေကို ကျင့်သုံးနေပေမယ့် CDM လှုပ်ရှားမှုနဲ့ ဆန္ဒပြလှုပ်ရှားသူတွေကို ဖြိုခွဲနိုင်ခြင်း မရှိသေးပါဘူး။ စစ်တပ်ဟာ အစိုးရယန္တရားနဲ့ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေကို ထိန်းချုပ်နိုင်ခြင်း မရှိသေးတဲ့ အတွက်၊ အာဏာသိမ်းတာ မအောင်မြင်သေးဘူးလို့ ဆိုနိုင်ပါတယ်။ အကြမ်းဖက် မှုတွေ ကျူးလွန်နေပေမယ့် တရားမျှတမှုနဲ့ ဥပဒေစိုးမိုးမှုတွေ ရှိလာအောင် မလုပ်နိုင်ခဲ့ပါဘူး။”

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် မြန်မာနိုင်ငံမှာ ဥပဒေစိုးမိုးမှု မရှိတော့ပဲ ပြိုလဲတော့မယ့် လမ်းကြောင်းပေါ် ရောက်နေတာ မြင်နိုင်တဲ့အကြောင်း၊ ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း နှစ်လနီးပါးကြာအောင် ဘဏ်လုပ်ငန်းတွေ ရပ်တန့်နေပြီး၊ ငွေကြေး လွှဲပြောင်းမှုတွေ မလုပ်နိုင်တော့ပဲ စီးပွားရေး အကြပ်အတည်းတစ်ခုဆီကို ဦးတည်နေပြီး ပြည်သူ သန်းပေါင်းများစွာကို ဆင်းရဲကျပ်တည်းမှုတွေ ကြုံရဖို့ ဦးတည်နေကြောင်း၊ ဒုတိယအနေနဲ့ ကုန်ထုတ်လုပ်မှု နဲ့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေ အားလုံး ရပ်ဆိုင်းနေပြီး ကုန်စည်ထုတ်လုပ်ဖြန့်ဖြူးမှု မလုပ်နိုင်တဲ့အတွက် ပြည်သူတွေ ငတ်မွတ်ခေါင်းပါးမှုတွေဆီကို ဦးတည်နေကြောင်း၊ တတိယအနေနဲ့ ဆေးရုံး ဆေးခန်းတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေလည်း ရပ်တန့်နေပြီး၊ ကိုဗစ် ၁၉ ရောဂါ စစ်ဆေးမှုတွေ၊ ကုသမှုတွေ ရပ်ဆိုင်းသွားသလို၊ ကာကွယ်ဆေး ထိုးနှံမှုတွေလည်း နှောင့်နှေးနေတဲ့အတွက် ကျန်းမာရေး အကြပ်အတည်း တစ်ခုကို ဦးတည်နေကြောင်း၊ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၀ကျော်လောက်ဟာ စစ်တပ်နဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေ ပြန်လည်စတင်နေပြီး၊ စစ်ရေး အကျပ်အတည်းတစ်ခုကို ဦးတည်နေတာကို တွေ့ရတဲ့အကြောင်း Richard horsey က ပြောသွားတာဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အဖွဲ့က မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ထားတဲ့ ဒေါ်ဇင်မာအောင်က ခုလို ပြောသွားပါတယ်။

“မြန်မာနိုင်ငံမှာ တပ်မတော်အကြမ်းဖက်နှိမ်နှင်းတဲ့ လုပ်ရပ်တွေ ရပ်တန့်ပြီး အရပ်သားအစိုးရ လက်အောက်မှာ တရားဥပဒေ စိုးမိုးမှု ရှိတဲ့ အခြေအနေကို ပြန်ရောက်လာတဲ့အထိ အားပေးကူညီသွားဖို့ နိုင်ငံတကာကို တိုက်တွန်းချင်ပါတယ်။ ဒီလို ဖြစ်ဖို့အတွက် နိုင်ငံတကာအနေနဲ့ CRPH နဲ့ အသစ် ဖွဲ့စည်းထားတဲ့ Federal Democracy charter နဲ့ interim national unity government တွေကို ထောက်ခံကြဖို့ တောင်းဆိုလိုပါတယ်။”

အဲဒီနောက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင်နိုင်ငံတွေက မြန်မာ့ နိုင်ငံရေး အခြေအနေတွေကို ပါဝင်ဆွေးနွေးခဲ့ကြပြီး၊ မြန်မာ့အရေးနဲ့ ပက်သက်ပြီး လုံခြုံရေးကောင်စီအနေနဲ့ တိကျပြတ်သားတဲ့ လုပ်ဆောင်ချက်တွေ ချမှတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

Anonymous says:
2021-04-09 21:23

We stand with CRPH and new federal democracy government
We don't want military coup in Myanmar anymore

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့