စစ်ကောင်စီကို အရေးယူဖို့ ပြည်တွင်းပြည်ပ အလုပ်သမားတွေ ILO ထံ တောင်းဆို
2024.08.29
မြန်မာနိုင်ငံက စက်ရုံအလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီကတစ်ဆင့် ကောက်ခံနေတဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ ပြည်တွင်းပြည်ပ အလုပ်သမားတွေက အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ထံ သြဂုတ်လ ၂၉ ရက် ဒီနေ့မှာ တောင်းဆိုလိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကပြီး ရန်ကုန်မြို့၊ လှိုင်သာယာ စက်မှုဇုန်ခြောက်ခုထဲက စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်သမား ရှစ်သောင်းကျော်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို စစ်ကောင်စီက ကောက်ယူခဲ့တာပါ။
အလုပ်သမားတွေအပေါ် အမျိုးမျိုးဖိနှိပ်ပြီး သတင်းအချက်အလက်တွေ ကောက်ယူနေသလို အဓမ္မ စစ်မှုထမ်းခိုင်းဖို့ပါ ဖမ်းဆီးခေါ်ဆောင်နေတာကြောင့် ILO ကို တောင်းဆိုရတာဖြစ်တယ်လို့ မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစု (MLA ) အဖွဲ့ရဲ့ နိုင်ငံရေးအကျဥ်းသူဟောင်း မဖောင်ရိုးက RFA ကို ပြောပါတယ်။
“အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ ဆုံးဖြတ်ချက်ကို ဘယ်နိုင်ငံက ဘယ်သူကမှ ဗီတိုအာဏာနဲ့ ပယ်ချခွင့် ကန့်ကွက်ခွင့် မရှိပါဘူး။ ဒါဟာ ကုလသမဂ္ဂ အဖွဲ့တွေထဲမှာ ထူးခြားတဲ့အဖွဲ့တစ်ခု ဖြစ်တယ်လေ။ ဒါကြောင့် စစ်ကောင်စီကို ILO ပုဒ်မ (၃၃) အရ အရေးယူပေးဖို့ ပြည်တွင်း၊ ပြည်ပမှာရှိကြတဲ့ ကျွန်မတို့ အထည်ချုပ်အလုပ်သမားတွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်”
နိုင်ငံပေါင်း ၁၈၇ နိုင်ငံရဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ စုဖွဲ့ထားတဲ့ (ILO) မှာ တိုင်ကြားခံထားရတဲ့ စစ်ကောင်စီဟာ တခြားပြင်ပနိုင်ငံတွေကနေ ပြစ်ဒဏ်ကင်းလွတ်ဖို့ အကာအကွယ်ရမှာ မဟုတ်ဘူးလို့လည်း သူကဆိုပါတယ်။
ဒါ့အပြင် ILO အဖွဲ့ဝင်နိုင်ငံတွေဟာ ILO ရဲ့အခြေခံပြဋ္ဌာန်းချက်တွေကို လိုက်နာမှုမရှိဘဲ ကျူးလွန်တဲ့နိုင်ငံကိုအရေးယူဖို့ ILO ရဲ့ပုဒ်မ ၃၃ မှာ ပြဋ္ဌာန်းထားပါတယ်။
စစ်ကောင်စီက လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နဲ့ အဓမ္မခိုင်းစေမှုဆိုင်ရာအချက်တွေကို ချိုးဖောက်နေတာကို ILO အနေနဲ့ သက်သေအထောက်အထားတွေနဲ့တကွ အတည်ပြုထားပြီးဖြစ်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ဆိုပါတယ်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလထဲမှာကျင်းပမဲ့ ILO အုပ်ချုပ်ရေးအဖွဲ့ရဲ့ အစည်းအဝေးမှာ စစ်ကောင်စီကို ILO ပုဒ်မ (၃၃) အရ အရေးယူဖို့ ဆွစ်ဇလန်နိုင်ငံ၊ ဂျနီဗာမြို့ရှိ ILO ရုံးချုပ်မှာ ဆွေးနွေးကြဖို့လည်း ရှိပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦကျော်ကျော်လွင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။