အွန်လိုင်းလိမ်လည်မှုတွေ မြန်မာနဲ့ပေါင်းပြီး နှိမ်နင်းမယ်လို့ တရုတ်၊ ထိုင်းနဲ့ လာအိုပြော

RFA Burmese
2023.08.23
အွန်လိုင်းလိမ်လည်မှုတွေ မြန်မာနဲ့ပေါင်းပြီး နှိမ်နင်းမယ်လို့ တရုတ်၊ ထိုင်းနဲ့ လာအိုပြော အွန်လိုင်းလိမ်လည်မှုတွေကို မြန်မာနဲ့ပေါင်းပြီး နှိမ်နင်းရေးကိစ္စ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai၊ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံအမတ်ကြီး Mr. Mongkol Visitstump၊ မြန်မာနိုင်ငံဆိုင်ရာလာအိုသံအမတ်ကြီး Mr. Heuangseng Khamdalavong တို့ ၂၀၂၃ ခုနှစ် ဩဂုတ် ၂၂ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးစဉ်။
Photo : Chinese Embassy in Myanmar

အွန်လိုင်းလောင်းကစားမှုနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးတွေကို မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ တရုတ်၊ ထိုင်းနဲ့ လာအိုနိုင်ငံတွေက ဩဂုတ် ၂၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ပျံ့နှံ့နေတဲ့ အွန်လိုင်း လောင်းကစားတွေနဲ့ လိမ်လည်မှုတွေဟာ အများပြည်သူရဲ့ အသက်နဲ့ အိုးအိမ်ဥစ္စာတွေကို အလွန်အမင်း ထိခိုက်ပျက်စီးစေတာကြောင့် မြန်မာနဲ့ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အွန်လိုင်းလိမ်လည်နေသူတွေနဲ့ လူကုန်ကူးမှုကျူးလွန်သူတွေကို တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတွေက တာဝန်ရှိသူတွေ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးအပြီး ကြေညာချက်ထွက်လာတာလို့ တရုတ်နိုင်ငံအခြေစိုက် South China Morning Post သတင်းက ဖော်ပြပါတယ်။

အဲဒီလေးနိုင်ငံဆွေးနွေးပွဲအပြီးမှာ ဆိုက်ဘာရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းရေး ရဲတပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ဖို့ ညှိနှိုင်းရေးစင်တာ တစ်ခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ထူထောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း အွန်လိုင်းလောင်းကစားမှု၊ လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှုနဲ့ ထိန်းချုပ်ထားတာတွေများစွာဖြစ်နေတာကို တရုတ်-ထိုင်း-မြန်မာ-လာအို လေးနိုင်ငံ ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး တိုက်ဖျက်သွားမယ်လို့လည်း ဩဂုတ် ၁၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ 

အဲဒီလိမ်လည်မှု တိုက်ဖျက်ရေးကိစ္စတွေကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဒီရက်ပိုင်းအတွင်း ခပ်စိပ်စပ် ထုတ်ပြန်လာတာတွေ့ရပါတယ်။

ဒါပေမဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ တစ်စုံတစ်ရာထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်တွေ ထိန်းချုပ်တဲ့ မြန်မာ-ထိုင်းနယ်စပ် ရွှေကုက္ကိုဒေသ၊ ကိုးကန့်ဒေသ ချင်းရွှေဟော်၊ ဝတပ်ဖွဲ့ UWSA ထိန်းချုပ်တဲ့ မြန်မာ-တရုတ်နယ်စပ် လောက်ကိုင်ဒေသက ပန်ဆန်း၊ မိုင်းပေါက်၊ ဝိန်းကောင်ဒေသတွေမှာ တရုတ်နိုင်ငံသားတွေ ဦးဆောင်တဲ့ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ လှုပ်ရှားနေတာပါ။

မြန်မာနိုင်ငံမှာဖမ်းမိတဲ့ အွန်လိုင်းဆက်သွယ်ရေးလိမ်လည်မှု ဂိုဏ်းခေါင်းဆောင်အပါအဝင် တရုတ်နိုင်ငံသား နှစ်ဦးကို စစ်ကောင်စီ ရဲတပ်ဖွဲ့က တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံ ရန်ကုန်လေဆိပ်ကတစ်ဆင့် သြဂုတ်လ ၂၃ ရက် မနက်ပိုင်းမှာ လွှဲပြောင်းပေးခဲ့တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

အလားတူ ဒီနှစ်ဇွန်လအတွင်းမှာလည်း အွန်လိုင်းငွေလိမ်လုပ်ငန်း ကျူးလွန်တယ်ဆိုတဲ့ တရုတ်နိုင်ငံသား ခြောက်ဦးကို မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းပေးခဲ့ပါတယ်။

မြန်မာနိုင်ငံက ငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရသူတွေဟာ တရုတ်-ထိုင်း-မြန်မာ-လာအိုနိုင်ငံသားတွေအပြင် အာဆီယံဒေသတွင်းနိုင်ငံကသူတွေလည်း ရှိနေပါတယ်။

ဩဂုတ် ၁၄ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်ဖို့ လူကုန်ကူးခံခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁၇ ဦးကို ရန်ကုန်မြို့ကနေ အင်ဒိုနီးရှားနိုင်ငံကို ပြန်ပို့ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။