ဧရာဝတီတိုင်းကို မုန်တိုင်းသက်ရောက်မှု များနိုင်တယ်လို့ မိုးဇလသတိပေး

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် မြန်မာနိုင်ငံကို ဦးတည်နေပြီး ဧရာဝတီတိုင်းဒေသကြီး အတွင်းက လပွတ္တာ၊ ငပုတော၊ ပုသိမ်၊ ပြင်စလူ၊ ဟင်္သာတ၊ ဖျာပုံ၊ ဒေးဒရဲ၊ ဘိုကလေးမြို့ တွေကို မုန်တိုင်းသက်ရောက်မှုများနိုင်လို့ သတိထားရမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက အသိပေးထားပါတယ်။
“လေတိုက်နှုန်းက ၄၀ အထက်ဆိုရင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် သတ်မှတ်တယ်။ အခုက တစ်နာရီ မိုင် ၄၅၊ ၅၀ အထက် လေတိုက်နှုန်းရှိနိုင်ပါတယ်။ ဧရာဝတီတိုင်းကတော့ ပိုသတိထားရမယ်။ နာဂစ်ကတော့ စူပါဆိုင်ကလုန်း၊ အခုကတော့ ဆိုင်ကလုန်း အဆင့်ပဲ ဖြစ်ပါတယ်။” လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလှထွန်းက RFA ကိုပြောပါတယ်။
ရခိုင်ကမ်းရိုးတန်းကိုလည်း မုန်တိုင်းဖြတ်သန်းသွားဖို့ရှိတာကြောင့် ရခိုင်ပြည်နယ် အတွင်းက တောင်ကုတ်၊ ဂွနဲ့ သံတွဲမြို့နယ်တွေမှာ မုန်တိုင်းသက်ရောက်နိုင်ခြေ ရှိတယ်လို့ သူကပြောပါတယ်။
ဒီမုန်တိုင်းဟာ ကိုကိုးကျွန်းမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင် (၂၆၀) ခန့်၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ တောင်-အနောက်တောင်ဘက်ရေမိုင် (၃၉၀) မိုင်ခန့်၊ ထားဝယ်မြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် (၄၂၀) ခန့်၊ ကော့သောင်းမြို့အနောက်ဘက် ရေမိုင် (၃၆၀) မိုင်ခန့်ကို ဗဟိုပြုနေပါတယ်။
မတ်လ ၂၁ ရက်နေ့ညပိုင်းမှာ ကိုကိုးကျွန်းအနီး၊ မတ်လ၂၂ ရက်နေ့မနက်ပိုင်းမှာ ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်း အနီး၊မတ်လ ၂၂ ရက်နေ့ ညပိုင်းမှာ ရခိုင်ကမ်းရိုးတန်းတွေကို ရောက်ရှိနိုင်တယ်လို့လည်း မိုးဇလက ထုတ်ပြန်ထားပါတယ်။
အဲဒီမုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မတ်လ ၂၂ ရက်နေ့မှာ နေပြည်တော်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း အပါအဝင် နေရာ အနှံ့အပြားမှာ မိုးထစ်ချုန်းရွာပြီး မိုးကြီးနိုင်ပါတယ်။
မုန်တိုင်းရှိတဲ့အတွက် ပင်လယ်ပြင်ကို ငါးဖမ်းမထွက်ကြဖို့နဲ့ မတ်လ ၂၃ ရက်နေ့ နောက်ပိုင်းမှသာ ပင်လယ်ပြင်မှာ ဆောင်ရွက်တဲ့လုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်ဖို့ မိုးဇလ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။