မုန်တိုင်းအရှိန်ကြောင့် လပွတ္တာ ရွေးနဒီစျေး ပြိုကျ

ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်းကနေ ဧရာဝတီတိုင်းကို ဝင်ရောက်လာတဲ့ မုန်တိုင်းငယ် ကြောင့် လက်ရှိမှာ မြစ်ရေတက်နေပြီး လေပြင်းတွေ တိုက်ခတ်လို့ လပွတ္တာမြို့ပေါ်က ရွေးနဒီရေပေါ်ဈေး ပြိုကျပျက်စီးခဲ့တယ်လို့ လပွတ္တာ ခရိုင် မီးသတ်တပ်ဖွဲ့က သတင်းထုတ် ပြန်ထားပါတယ်။
မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် လပွတ္တာမြို့ပေါ်မှာ မနက် ၁၁ နာရီ ဝန်းကျင်ကစလို့ လေ ပြင်းတိုက်ခိုက်ခဲ့ ပြီး မြစ်ရေလည်း တက်နေတယ်လို့ လပွတ္တာ နှလုံးသား ပရဟိတအဖွဲ့က ပြောပါတယ်။
"မြစ်ကမ်းနံဘေး ပင်လယ်လည်းနီးတော့ လေပြင်းတာတော့ ရှိတယ်။ သိပ်ထူးထူး ခြားခြား ပြင်းပြင်းထန်ထန်တော့ မရှိဘူး။ သစ်ပင်ကျိုးတာတွေ၊ ဘာတွေမရှိဘူး။ ဒီညနေပိုင်းတော့ လေတိုက်ပြီး မြစ်ရေတော့ ဆက်တက်နေတယ်၊ ဘယ်လောက်အထိ တက်မလဲ ပြောမရဘူး"
မိုးသည်းထန်ခဲ့ပြီး လေပြင်းဒဏ်ကြောင့် အဲဒီရွေးနဒီရေပေါ်စျေး ပြိုကျခဲ့တာဖြစ်ပြီး ဒေသခံ မီးသတ်တပ် ဖွဲ့ဝင်တွေနဲ့ လူမှုရေးအဖွဲ့တွေ ကယ်ဆယ်ရေးတွေ လုပ်ပေးနေပြီး လူထိခိုက် တာမျိုးတော့ မရှိဘူးလို့ ပြောပါတယ်။
လပွတ္တာမြို့အနီးနားဝန်းကျင်ရွာတွေက ဒေသခံ တစ်ထောင်ဝန်းကျင်ဟာလည်း မြို့ပေါ်ကို လာရောက်ခိုလှုံခဲ့ကြပြီး လက်ရှိမှာ ဘုန်းကြီးကျောင်းတွေက စောင့်ရှောက်ပေးထားတယ်လို့ သူက ပြောပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် မတ်လ ၂ ရက်က လပွတ္တာမြို့မှာ မိုးရေချိန် ၁၀ မီလီမီတာကနေ မတ်လ ၂၂ ရက် ဒီနေ့ ၁၅ မီလီမီတာအထိ ခြောက်နှစ်အတွင်း စံချိန်တင်ခဲ့သလို ကိုကိုး ကျွန်းမြို့မှာလည်း လွန်ခဲ့တဲ့ ၁၉၈၇ ခုနှစ် မတ်လ ၅ ရက်က ၆၃ မီလီမီတာကနေ မတ်လ ၂၂ ရက်မှာ ၇၉ မီလီမီတာအထိ ၃၅ နှစ်အတွင်း စံချိန်သစ်တင်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မိုးလေဝသဌာနရဲ့ နေ့လယ် ၁၂ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ် ပြင်တစ်လျှောက် လှိုင်းအမြင့် ကိုးပေကနေ ၁၃ ပေအထိ ကြီးနိုင်ပြီး ဧရာဝတီတိုင်းကို မုန်တိုင်းငယ် ဖြတ် သန်းချိန်မှာ တစ်နာရီ အမြင့်ဆုံး မိုင် ၅၀ အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုထားပါတယ်။