မိုခါကြောင့် ပြည်သူ ခြောက်သန်းကျော် အကူအညီလိုနေကြောင်း ဦးကျော်မိုးထွန်း ကုလမှာ တင်ပြ
2023.05.20

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ လူဦးရေ ခြောက်သန်းကျော် အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ မေလ ၁၉ ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးမှာကျင်းပတဲ့ အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြလိုက်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကိုခံနေရတဲ့ ပြည်သူတွေဟာ မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်ကို ဗဟိုပြုတိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးကိုပါ ခံစားနေရပြီး လတ်တလော နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ၊ နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေ လိုအပ်တယ်လို့ ဦးကျော်မိုးထွန်းက ထည့်သွင်းတောင်းဆိုခဲ့တာပါ။
ဆိုင်ကလုန်းမုန်တိုင်းကြောင့် စာသင်ကျောင်းတွေ၊ လမ်းတံတားတွေအပါအဝင် စိုက်ပျိုးမြေတွေ ပျက်စီးဆုံးရှုံးခဲ့ရပြီး အစားအစာ၊ ဆေးဝါးနဲ့ ယာယီခိုလှုံစရာ တဲတွေ မရှိတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းပြီး အရေးပေါ်ကယ်ဆယ်ရေးအတွက် အမေရိကန်ဒေါ်လာ တစ်သန်း ပံ့ပိုးဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂနဲ့ အခြားသော အလှူရှင်နိုင်ငံတွေအနေနဲ့ အသက်ကယ်ဆယ်ရေး အကူအညီပေးရေးတွေကို ဖြစ်နိုင်တဲ့ နည်းလမ်းပေါင်းစုံ အသုံးပြု ဆောင်ရွက်သင့်ပါတယ်လို့ တိုက်တွန်းထားပါတယ်။