ဒိုက်ဦး ကျိုက်စကောထောင်က နိုင်ကျဉ်း ၂၄ ဦး ရိုက်နှက်ခံရပြီး အခြေအနေစိုးရိမ်ရ
2023.05.31
ပဲခူးတိုင်းအရှေ့ခြမ်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၂၄ ဦးကို စစ်ကောင်စီတပ်က ထောင်တွင်းအိပ်ဆောင်ကနေ သီးသန့်ခေါ်ထုတ်၊ ပြင်းပြင်း ထန်ထန် ရိုက်နှက်စစ်ဆေးနေတဲ့အတွက် အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေ ရှိနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
ရိုက်နှက်ခံရသူတွေကို ထောင်တွင်းက တစ်ခန်းလုံးအမှောင်ချထားတဲ့ သီးသန့်တိုက်ထဲမှာ ခွဲထားပြီး ထမင်းလုံးဝမကျွေးတာ လေးရက်ရှိနေပြီလို့ ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေမှာ ခိုလှုံနေတဲ့ ပဲခူး PDF နဲ့ ဆက်သွယ်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အခုလို ပြင်းပြင်းထန်ထန် ရိုက်နှက်စစ်ဆေးနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ဒီနေ့ ပြောပါတယ်။
"အပြင်ကို ခေါ်သွားပြီး ရိုက်တယ်။ သေတဲ့အထိကို ရိုက်တယ်။ သုံးယောက်ရှိပြီ သေတာ။ လက်နက်ကိုင်အဖွဲ့တွေနဲ့ အဆက်အသွယ်ရှိပါတယ်ဆိုပြီး မေးမေးပြီးကို ရိုက်တာ။ မဟုတ်ဘူးပြောလည်း မရဘူး။ ဘယ်လိုလုပ် အဆက်အသွယ်ရှိမလဲ ထောင်ထဲမှာ"
သုံးဦး သေဆုံးတယ်လို့သာ အကြမ်းဖျင်းသိထားပြီး ထောင်အာဏာပိုင်တွေက မိသားစုထံ အကြောင်းမကြားသေးတာကြောင့် သူတို့ရဲ့ အမည်အတိကျကို မသိရသေးဘူးလို့ အဲဒီအကျဉ်းထောင်နဲ့ နီးစပ်သူက ပြောပါတယ်။
မေလ ၂၅ ရက်နေ့ကစလို့ နိုင်ငံရေးအကျဉ်းသား ၂၄ ဦး သီးခြားခေါ်ထုတ်စစ်ဆေးခံနေရပြီး အဲဒီအထဲက နိုင်ငံရေးအကျဉ်းသား ကိုသန့်ဇင်ဝင်း သေဆုံးသွားကြောင်း RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့ ကျိုက်စကော အကျဉ်းထောင်နဲ့နီးစပ်သူတွေက မေလ ၂၈ ရက်နေ့က အတည်ပြုပြောဆိုခဲ့ပါတယ်။
အခု သေဆုံးသူ သုံးဦးဆိုတာဟာ ထောင်တွင်း ရိုက်နှက်ညှဉ်းပန်းမှုကြောင့် နောက်ထပ် နှစ်ဦး ထပ်မံသေဆုံးပြီး ကိုသန့်ဇင်ဝင်း အပါအဝင် စုစုပေါင်း သုံးဦး သေဆုံးသလား ဆိုတာကို RFA က သီးခြား အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အတိအကျသိနိုင်ဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့် ရှိသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်း ကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ကိုသန့်ဇင်ဝင်းဟာ ပဲခူးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ လေ့ကျင့်စုဆောင်းရေး တာဝန်ခံတစ်ဦးဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့က ပဲခူးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့အတူ ဖမ်းဆီးခံခဲ့ရတာပါ။
အဲဒီနောက် ကိုသန့်ဇင်ဝင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ် - ၅၁၊ ၅၂၊ ၅၄ တို့အပြင် တခြားသော ပုဒ်မတွေနဲ့ ထောင်ဒဏ် နှစ်ပေါင်း ၈၀ ချမှတ်ခံထားရတယ်လို့ ပဲခူးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေလ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မေလ ၁၈ ရက်နေ့က ပဲခူးတိုင်း၊ တောင်ငူအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၁၀ ဦး အစောင့်ရဲနဲ့ စစ်သားတွေထံက သေနတ်လုထွက်ပြေးပြီး အဲဒီအထဲက ကိုးဦး လွတ်မြောက်သွားတဲ့နောက်ပိုင်း နိုင်ငံတစ်ဝန်း အကျဉ်းထောင်အချို့က နိုင်ငံရေး အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက သံသယနဲ့ သီးခြားခွဲထုတ်ပြီး ရိုက်နှက်စစ်ဆေးနေတာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၃၀ ရက် စာရင်းအရ အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းက ပြည်သူ ၁၈,၄၁၇ ဦး ဖမ်းဆီးခံထားရပြီး အဲဒီထဲက ၆,၁၀၆ ဦး ထောင်မိန့်တွေ ချမှတ်ခံထားရပါတယ်။