ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသား ရှစ်ဦး ရိုက်နှက်တိုက်ပိတ်ခံရ
2023.08.05
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ရှစ်ဦးကို ဇူလိုင်လ ၂၅ ရက်မှာ ထောင်အာဏာပိုင်တွေက ရိုက်နှက်တိုက်ပိတ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPN) က ပြောပါတယ်။
ထောင်အာဏာပိုင်တွေက အကျဉ်းသားအဆောင်တွေကို လှည့်လည်စစ်ဆေးပြီး နိုင်ငံရေးအကျဉ်းသားတချို့ကို နေထိုင်မှုပုံစံမကျလို့ဆိုပြီး ရိုက်နှက်တိုက်ပိတ်ခဲ့တာလို့ ဆိုပါတယ်။
ရိုက်နှက်တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ အသက် ၂၀ ကျော် အရွယ်တွေဖြစ်တဲ့ ကိုဖြိုးအောင်၊ ကိုအောင်ပိုင်၊ ကိုအောင်ပိုင်သူတို့ ပါဝင်ပါတယ်။ ဒီအပြင် အမည်မသိရသေးတဲ့ နောက်ထပ်အကျဉ်းသား ငါးဦးလည်း ပါဝင်တယ်လို့ PPN တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
"ဒိုက်ဦးထောင်မှာ ထောင်တွင်းနေထိုင်တဲ့ ပုံစံမကျဘူးဆိုပြီး ကိုဖြိုးအောင်ကို အရင်ဆုံး ရိုက်နှက်တိုက်ပိတ်တယ်။ ကိုဖြိုးအောင် တိုက်ပိတ်ခံရတာကို သွားပြီးမေးမြန်းတဲ့ နိုင်ကျဉ်းခုနစ်ဦးပါ ထပ်ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံရတယ်။ လောလောဆယ် ရှစ်ဦးစလုံး တိုက်ပိတ်ခံရတဲ့ အခြေအနေပေါ့"
ဒိုက်ဦးထောင်တွင်း တိုက်ပိတ်ခံရတဲ့ အခြေအနေကို ထောင်တွင်းသတင်းအရစ်အမြစ် တွေက မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ကို ပေးပို့ခဲ့တာလို့ သူက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီအကျဉ်းဦးစီးဌာန ပြောခွင့်ရသူကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လ တစ်လတည်းမှာပဲ ဒိုက်ဦးအကျဉ်းထောင်ကနေ ထောင်အပြင်ခေါ်ထုတ် သတ်ဖြတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ဦးထိရှိခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နိုင်ငံရေးအကျဉ်းသား လေ့လာစောင့်ကြည့်နေသူတွေက RFA ကို ဖြေဆိုထားပါတယ်။
အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံတစ်ဝန်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျ ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ထောင်အာဏာပိုင်တွေဘက်က လူ့အခွင့်အရေးချိုးဖောက်တာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ ဥပဒေမဲ့ ရိုက်နှက်သတ်ဖြတ်တာ တွေကို ကျုးလွန်လာတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်သူတွေက ထောက်ပြပါတယ်။