ကြောင်နတိုးဆည်ရေ ဖေါက်လို့ သီးနှံပျက်စီး
2011.07.22
(Photo: RFA Listener)
ဒေသခံတစ်ဦး။ ။ "စကုမြို့ရဲ့အထက်မှာက ရွှေစက်တော် ငဖဲ မြို့နယ် ကြောင်နတိုးဆည် ဆိုတာ ရှိတယ်။ အဲဒီဆည်က မိုးရာသီမှာ မိုးများလာလို့ရှိရင် ဆည်မှာ ရေဖွင့်ချလိုက်တာက အောက်ဖက်မှာ ရှိတဲ့ ကိုင်းတွေ ယာတွေထဲမှာ ရှိတဲ့ အသီးအနှံတွေကတော့ တောက်လျှောက် ပျက်စီးတာပဲဗျ။ နှမ်းဆိုရင် နှမ်းတောင်တွေက ပုံထားတာတွေ ပျက်စီးတာတွေရှိတယ်။ ပြောင်းဆိုရင် ရေဝင်သွားတယ် ဆိုရင် ရောင်းလို့ မရတော့ဘူး။ တိုင်တောင်ပဲတွေ တခြား ကိုင်းသီးနှံတွေ မုံလာဥခင်းတို့ အားလုံး ပျက်စီးကုန်တယ်။ အခုဆို တောက်လျှောက်ရေက မကျသေးဘူး။ စကုမြို့ပေါ် မန်းကင်းရပ်ကွက်ပေါ့။ အိမ်သာတွေ ရေတုံကင်တွေ အားလုံးမြုပ်သွားတယ်။"
တကယ်တော့ အဲဒီဆည်ကနေ ရေဖေါက်ချလို့ အခုလို ရေနစ်နေရတာ နှစ်စဉ်နှစ်တိုင်းလို ဖြစ်နေပေမဲ့ အာဏာပိုင်တွေက အခုအချိန် အထိ ကြိုတင် ကာကွယ်နိုင်အောင် လုပ်မပေးခဲ့ကြောင်း သူက ပြောပါတယ်။
"ဒီဆည်မှာ မိုးများလာလို့ထိမ်းမထားနိုင်ဘူးဆိုရင် ကြိုပြီးတော့ ရေလွှတ်တာတို့ မလုပ်ပဲနဲ့ သူတို့က ဆည်မထိမ်းနိုင်တော့ဘူးဆိုမှ ရေဖွင့်ဖွင့်ချတဲ့အခါကျတော့ အခု မန်းချောင်း ဝဲယာမှာ ရှိတဲ့ ရွာတွေပျက်စီးတာက နှစ်စဉ်နှစ်တိုင်းလို ဖြစ်နေတယ်။ သဘာ၀ ပတ်ဝန်းကျင် ထိလို့ ပျက်စီး ဆုံးရှုံးသွားတယ်ဆိုတာ တမျိုးပေါ့ဗျ။ ဒါတွေက အာဏာပိုင်တွေက စီမံခန့်ခွဲမှု အစီအမံကောင်းမယ်ဆိုရင် ကာကွယ်တားဆီးနိုင်ပါလျက်နဲ့ သူတို့ သေသေချာချာ အလုပ်မလုပ်တဲ့ အတွက်ကြောင့် ပျက်စီး ဆုံးရှုံးရတယ်ဆိုတာ နှစ်စဉ်နှစ်တိုင်း ဖြစ်နေတဲ့အတွက် ဒေသခံတွေ အများကြီးနှစ်နာတယ်။ မဖြစ်သင့်ဘူးလို့ ပြောချင်တယ်ဗျ။"
ပျက်စီးဆုံးရှုံးသွားတဲ့ စိုက်ပျိုးသီးနှံ ဧက အနည်းဆုံး ရာဂဏန်း ရှိတယ်လို့ လည်း သူက ပြောပါတယ်။
ကြောင်နတိုးဆည်ဟာ ဧက ၅သောင်းလောက်ကို ရေပေးဝေနေတာ ဖြစ်ပြီး မိုးရာသီမှာ ရေဖေါက်ချရတဲ့ အဆင့်အထိ ဖြစ်နေပေမဲ့ နွေရာသီ နွေစပါး စိုက်ပျိုးချိန်မှာ ရေကို လုံလောက်အောင်မပေးနိုင်ဘူးလို့လည်း သိရပါတယ်။