ဧရာဝတီတိုင်း မြို့နယ်အချို့က NLD ပါတီ ဆိုင်းဘုတ်တွေ ဖယ်ရှားခံရ
2023.05.07

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့ပေါ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးဆိုင်းဘုတ်ကို မေလ ၅ ရက်မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့က ဖြုတ်ချသွားတယ်လို့ ဓနုဖြူဒေသခံတွေက RFA ကို ပြောပါတယ်။
ဓနုဖြူမြို့ အမှတ် (၁၇) ရပ်ကွက်၊ (၂) လမ်းမှာရှိတဲ့ NLD ပါတီမြို့နယ်ရုံးကို ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် အရပ်ဝတ်ရဲတပ်သား ငါးဦးခန့်ရောက်လာပြီး ဆိုင်းဘုတ်လာဖြုတ်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဓနုဖြူမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ခြံဝင်းတံခါးကို သော့ဖျက်ပြီး ရုံးရဲ့အပေါ်မှာတင်ထားတဲ့ ဆိုင်းဘုတ်ကို ဖြုတ်ချသွားတာ။ ရုံးထဲက ပစ္စည်းတွေတော့ ဘာမှယူမသွားဘူး။ အဲဒီရုံးက အာဏာစသိမ်းကတည်းက ပိတ်ထားတာ”
ဓနုဖြူမြို့နယ် NLD ပါတီရုံးဟာ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပြီးနောက်ပိုင်းမှ တည်ဆောက်ခဲ့တာဖြစ်ပြီး ပေ ၄၀-၆၀ မြေကွက်ပေါ်မှာ တစ်ထပ်ခွဲအဆောက်အအုံ ဆောက်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေ့မှာပဲ ဇလွန်မြို့နယ် NLD ပါတီ ရုံးဆိုင်းဘုတ်ကိုလည်း စစ်ကောင်စီတပ်သားတွေ အပါအဝင် ပူးပေါင်းအဖွဲ့တွေ ရုံးထဲဝင်ရောက်ပြီး ဖယ်ရှားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၄ ရက်နေ့ကလည်း ဟင်္သာတမြို့နယ် NLD ပါတီရုံးဆိုင်းဘုတ်ကို စစ်ကောင်စီ တပ်သားတွေ ဖယ်ရှားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မတ်လ ၃၁ ရက် မနက်ပိုင်းကလည်း ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်မှာရှိတဲ့ NLD ပါတီဆိုင်းဘုတ်ကို အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြုတ်သိမ်းခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကိုဖျက်သိမ်းတယ်လို့ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက် က ကြေညာခဲ့ပါတယ်။
NLD ပါတီရဲ့ ဗဟိုအလုပ်ကော်မတီဘက်ကတော့ ပြည်သူရှိနေသမျှ ပါတီရှိနေမယ်လို့ တုံ့ပြန်ထားပါတယ်။