ဒေါ်အောင်ဆန်းစုကြည် ၇၆ နှစ်ပြည့်မွေးနေ့ ပန်းသပိတ် တနိုင်ငံလုံးဆင်နွှဲ

2021-06-19
Share
ဒေါ်အောင်ဆန်းစုကြည် ၇၆ နှစ်ပြည့်မွေးနေ့ ပန်းသပိတ် တနိုင်ငံလုံးဆင်နွှဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်ပြည့် မွေးနေ့မှာ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်က လူငယ်တွေ ပန်းသပိတ်နဲ့ ၂၀၂၁ ဇွန် ၁၉ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်
Photo: RFA

ဇွန်လ ၁၉ ရက် ဒီကနေ့ ကျရောက်တဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ၇၆ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ် ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပပြုလုပ်နေပါတယ်။

ခေတ်အဆက်ဆက် စစ်အာဏာသိမ်းမှုတွေကို ဆန့်ကျင်ရင်း ဒီမိုကရေစီရေး တိုက်ပွဲဝင်ချိန်တလျှောက်လုံး ပန်းတွေကို စွဲစွဲမြဲမြဲ ဝတ်ဆင်လေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသောအားဖြင့် ပန်းသပိတ် လှုပ်ရှားမှုမှာ ပါဝင်ကြဖို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက အင်တာနက်လူမှုကွန်ရက် စာမျက်နှာကနေ တိုက်တွန်းထားတာပါ။

"ကျနော်တို့ဟာ အာဏာရူးတွေကို ဆက်လက်ပြီးတော့ အစွန်းကုန် ရင်ဆိုင်တိုက်ပွဲဝင်သွားကြမှာဖြစ်တယ်"

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်ချိန်ကစလို့ ဒီကနေ့အထိ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၅၀၀၀ လောက်ကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ပန်းသပိတ်မှာ ပါဝင်ဆန္ဒပြသူတွေက တောင်းဆိုကြပါတယ်။

မန္တလေးမြို့က သပိတ်ခေါင်းဆောင် ကိုတေဇာစန်းက " ကျနော်တို့ဟာ အာဏာရူးတွေကို ဆက်လက်ပြီး တော့ အစွန်းကုန် ရင်ဆိုင်တိုက်ပွဲဝင်သွားကြမှာ ဖြစ်တယ်၊ ကြောက်သွားမှာ မဟုတ်ဘူး၊ ကျနော်တို့ ပြည်သူတွေဟာ ဘယ်လောက်ပဲ ဒုက္ခဆင်းရဲမျိုးစုံကို ခံနေရပါစေ၊ အာဏာရူးကို မောင်းထုတ်ဖို့အတွက်ဆို ကြံ့ကြံ့ခံလျက်ပဲ၊ ပန်းပန်လျက်ပဲဆိုတာကို ဖော်ညွှန်းခြင်းဖြစ်တယ်" လို့ ပန်းပန်ထားတဲ့ ဓာတ်ပုံတစ်ပုံကို သူ့ရဲ့ Facebook စာမျက်နှာမှာ ဝေမျှပါတယ်။

ပန်းသပိတ်အဖြစ် ပန်းပန်ထားတဲ့ဓာတ်ပုံတွေကို အင်တာနက် လူမှုကွန်ရက် စာမျက်နှာကနေ ဝေမျှနေကြ သလို ရန်ကုန် အပါအဝင် မြို့ကြီးတချို့မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အဖြစ် ဒီနေ့ လမ်းမပေါ် ထွက် ဆန္ဒပြတာတွေ ရှိပါတယ်။

yangon-protest.jpg

၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာပြည်ကို ပြန်လာပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့မွေးနေ့ တော်တော်များများကို အချုပ်အနှောင်ဘဝနဲ့ ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။

ဒီအကြိမ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှုမှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရာဇသတ်ကြီးဥပဒေပုဒ်မတစ်ခုပြီး တစ်ခုထပ်တိုးတရားစွဲလာတာဖြစ်ပြီးတော့ အခုဆိုရင် တရားစွဲထားတာ ၇ မှုရှိသွားပါပြီ။ ဒီစွပ်စွဲချက် ပုဒ်မတွေ အားလုံးပေါင်းအရေးယူမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ် နှစ် ၂၀ ကျော်ထိ ချမှတ်ခံရနိုင်တယ်လို့ ရှေ့နေတွေက တွက်ချက်ပြောဆိုနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့