အဂတိကော်မရှင်ရဲ့ စွပ်စွဲချက်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေ ကန့်ကွက်

2022.04.19
အဂတိကော်မရှင်ရဲ့ စွပ်စွဲချက်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေ ကန့်ကွက် ၂၀၂၀ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး တက်ရောက်လာသည့် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို တွေ့ရစဥ်
Photo: RFA
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို နေပြည်တော်က အထူးတရားရုံးမှာ ဧပြီလ ၁၉ ရက် ဒီနေ့ရုံးထုတ်ခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အရာရှိရဲ့ စွပ်စွဲချက် တချို့ကို ရှေ့နေတွေက ကန့်ကွက်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
သူတို့နှစ်ဦးကို စွဲဆိုထားတဲ့ ရာဇသတ်ကြီးအမှုအမှတ် - ၄၉ နဲ့ ၅၀ အမှုတွေအတွက် တရားလို ဖြစ်တဲ့ စစ်ကောင်စီရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အရာရှိ ဦးအောင်ခန့်က လာရောက်ထွက်ဆိုခဲ့တာပါ။
 
ကော်မရှင်အရာရှိ ဦးအောင်ခန့်က တရားရုံးကိုတင်ပြတဲ့ စာရွက်စာတမ်းတချို့နဲ့ ပတ်သက်လို့ ကန့်ကွက် ခဲ့တာဖြစ်ပြီး အဲဒီကန့်ကွက်တာကို ကြားနာဖို့အတွက် ဧပြီလ ၂၆ ရက်နေ့ကို ပြန်လည် ချိန်းဆိုခဲ့ပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်ဟာ NLD အစိုးရလက်ထက် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေကနေ ရဟတ်ယာဉ်တစ်စင်း ဝယ်ယူတာနဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။
 
အရင် ဖေဖော်ဝါရီလ ရုံးချိန်းတွေကလည်း ရဟတ်ယာဉ် ငှားရမ်းအသုံးပြုမှုနဲ့ သက်ဆိုင်တဲ့ ရာဇသတ်ကြီး အမှုအမှတ် ၄၆ နဲ့ ၄၇ အမှုတွေ စစ်ဆေးတုန်းကလည်း ဒီလို အလားတူဖြစ်ရပ် မျိုးတွေရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ကန့်ကွက်ခဲ့ပေမယ့် တရားရုံးက ပယ်ချခဲ့ပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရ လျှို့ဝှက်ချက်များ ဥပဒေ ပုဒ်မ - ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၈ ခုနဲ့ တရားစွဲခံထားရတာပါ။
 
လောလောဆယ် အဲဒီထဲက အမှုငါးမှုအတွက် ထောင်ခြောက်နှစ် ချမှတ်ခံထားရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။