ဒေါ်အောင်ဆန်းစုကြည်အမှု အထူးအယူခံကြားနာမည့်ရက် ရွှေ့ဆိုင်း
2023.08.08

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးအယူခံအမှုတချို့ကို ဩဂုတ်လ ၈ ရက် ဒီနေ့ ကြားနာဖို့ ရှိနေပေမယ့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မကြားနာဘဲ ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက RFA ကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုကျူးလွန်တယ်လို့ စွပ်စွဲထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ သက်ဆိုင်တဲ့အမှု လေးမှုနဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်နဲ့ ဆက်စပ်ပြီး စွပ်စွဲထားတဲ့အမှုနှစ်ခု စုစုပေါင်းခြောက်မှုအတွက် အထူးအယူခံကို ဒီကနေ့ ကြားနာရမှာပါ။
အဲဒီကြားနာမှုကို ရွှေ့ဆိုင်းတဲ့အကြောင်း သြဂုတ်လ ၇ ရက်မှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ထုတ်ပြန်ခဲ့ပေမယ့် ဘာကြောင့်ရွှေ့ဆိုင်းရတယ်၊ ဘယ်နေ့မှာ ပြန်လည်ကြားနာမယ် ဆိုတာကိုတော့ ဖော်ပြမထားပါဘူး။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်အကျဉ်းချထားတာနဲ့ပတ်သက်လို့ စစ်ကောင်စီဟာ နိုင်ငံတကာဖိအားတွေ ရင်ဆိုင်နေရတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီက စွပ်စွဲတဲ့ အမှု၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ကျခံနေရချိန် သြဂုတ်လ ၁ရက်မှာ အမှုငါးမှုအတွက် ခြောက်နှစ် လွတ်ငြိမ်းသက်သာခွင့်ရခဲ့တာကြောင့် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံနေရဖို့ ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထောင်ချထားတဲ့ ကျန်အမှုတွေအတွက်လည်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ အယူခံ၊ အထူးအယူခံ အဆင့်ဆင့် ဆက်တက်ထားတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။