ဒေါ်အောင်ဆန်းစုကြည်အမှု အထူးအယူခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ် လက်ခံ

RFA Burmese
2023.06.06
ဒေါ်အောင်ဆန်းစုကြည်အမှု အထူးအယူခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ် လက်ခံ စင်ကာပူနိုင်ငံတွင် ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ကျင်းပသည့် ထိပ်သီးအစည်းအဝေးပွဲတစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။
Reuters

ရွှေနဲ့ ဒေါ်လာတွေ လက်ခံရယူခဲ့တယ်ဆိုပြီး စွပ်စွဲထောင်ချခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုအတွက် အထူးအယူခံကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ကြားနာဖို့ လက်ခံလိုက်ပါတယ်။

ထောင်ဒဏ်ငါးနှစ် ချမှတ်ခံထားရတဲ့ အဲဒီအမှုအယူခံကို ကြားနာဖို့ ဇွန်လ ၂ ရက်နေ့က လက်ခံလိုက်တာလို့ ဥပဒေအရာရှိနှစ်ဦးက AP သတင်းဌာနကို ပြောပါတယ်။ အယူခံကြားနာမယ့်ရက်ကိုတော့ မသတ်မှတ်ရသေးဘူးလို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ၂၀၁၇ ဒီဇင်ဘာလကနေ ၂၀၁၈ မတ်လ အကြားမှာ အမေရိကန်ဒေါ်လာ ခြောက်သိန်းနဲ့ အကယ်ဒမီ ရွှေ ခုနစ်ပိဿာကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကနေ ဒေါ်အောင်ဆန်းစုကြည်က သုံးကြိမ်ခွဲပြီးတော့ လက်ခံရယူခဲ့တယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲထားတဲ့အမှု ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ရွှေနဲ့ ဒေါ်လာတွေကို ဦးဖြိုးမင်းသိန်းက ပေးခဲ့တာမရှိသလို ယူစရာလည်း မရှိကြောင်းနဲ့ စွပ်စွဲချက်တွေဟာ လက်တွေ့မမြင်ရတဲ့ စိတ်ကူးနဲ့ လုပ်ကြံဖန်တီးထားတာတွေဖြစ်တယ်လို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ရုံးချိန်းမှာ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူး ဦးရဲထက်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့ စစ်မေးခဲ့ရာမှာလည်း ဦးဖြိုးမင်းသိန်း ပေးခဲ့တယ်ဆိုတဲ့ ရွှေနဲ့ ဒေါ်လာ သက်သေခံပစ္စည်းတွေ ဒေါ်အောင်ဆန်းစုကြည်ဆီကနေ သိမ်းဆည်းရမိတာ မရှိခဲ့ဘူးလို့ ထွက်ဆိုထားပါတယ်။

နေပြည်တော်အထူးတရားရုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး ၂၀၂၂ ခုနှစ် ဧပြီ ၂၇ ရက်နေ့က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒီအမှုအတွက် ကနဦးအယူခံကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက တင်ခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။

အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေပုဒ်မ၊ သဘာဝဘေး ပုဒ်မတွေ အပါအဝင် အမှုပေါင်း ၁၉ မှုနဲ့ တရားစွဲထားပြီး လက်ရှိအချိန်ထိ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။