ခြံအမှတ် (၅၄) ကို ဈေးလျှော့ပြီး ထပ်မံ လေလံတင်ဖို့ တရားရုံး ဆုံးဖြတ်

RFA Burmese
2024.12.18
ခြံအမှတ် (၅၄) ကို ဈေးလျှော့ပြီး ထပ်မံ လေလံတင်ဖို့ တရားရုံး ဆုံးဖြတ် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) အား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက အမွေဆိုင် အငြင်းပွားမှုရှိနေတဲ့ ခြံအမှတ် (၅၄) နဲ့ နေအိမ်ကို ကြမ်းခင်းဈေး ၂၉၇ ဘီလီယံနဲ့ ဈေးလျှော့ပြီး ထပ်မံ လေလံတင်ရောင်းချဖို့ ကမာရွတ် ခရိုင်တရားရုံးက ဒီဇင်ဘာ ၁၈ ရက် ဒီနေ့မှာ အမိန့်ချလိုက်ပါတယ်။

ဒီအိမ်နဲ့ ခြံကို ကျပ်ငွေ ၃၁၅ ဘီလီယံနဲ့ တစ်ကြိမ်၊ သုံးရာဘီလီယံနဲ့ တစ်ကြိမ် လေလံ တင်ရောင်းချခဲ့ပေမဲ့ လေလံဆွဲ ဝယ်ယူသူ မရှိတာကြောင့် ၂၉၀ ဘီလီယံနဲ့ ဈေးလျှော့ပြီး လေလံတင်ဖို့ တရားနိုင်ဖြစ်တဲ့ ဦးအောင်ဆန်းဦးက တင်ပြထားပါတယ်။

ဒါပေမဲ့ တရားရုံးက ဦးအောင်ဆန်းဦးဘက်က တင်ပြထားတဲ့ဈေးနှုန်းထက် ခုနစ်ဘီလီယံ တိုးမြှင့်ပြီး လေလံတင်ဖို့ အမိန့်ချခဲ့တာ ဖြစ်ပါတယ်။

လေလံတင် ရောင်းချပွဲကို လာမဲ့ဖေဖော်ဝါရီ ၅ ရက်နေ့ ခြံအမှတ် (၅၄) ရှေ့မှာ ပြုလုပ်မှာဖြစ်ပြီး လေလံမတင်ခင် သတင်းစာတွေထဲ ထည့်သွင်းကြေညာရမဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လုပ်သွားမယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရသေးတာ၊ ဒေါ်အောင်ဆန်းစုကြည် မသိသေးဘဲ လေလံဆွဲခွင့်ပေးတာဟာ ဥပဒေနဲ့ မညီညွတ်ဘူးဆိုပြီး တရားရုံးမှာ တောက်လျှောက် ကန့်ကွက်ထားပါတယ်။

အမှုနဲ့ပတ်သက်လို့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ခွင့်ရဖို့ ရှေ့နေအဖွဲ့က အောက်တိုဘာ ၂၈ ရက်နေ့မှာ စစ်ကောင်စီကို တရားဝင်စာတင် တောင်းဆိုထားပေမဲ့ ဒီနေ့အထိ တွေ့ခွင့်မရသေးဘူးလို့လည်း ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်လို့ ကြားသိရကြောင်း ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

အသက် ၇၉ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီစွပ်စွဲတဲ့ အမှု ၁၉ မှုအတွက် ထောင် ၃၃ နှစ် ကျခံခဲ့ရပြီး ၂၀၂၃ ခုနှစ်၊ သြဂုတ် ၁ ရက်မှာ အမှုငါးမှုအတွက် ခြောက်နှစ် လွတ်ငြိမ်းသက်သာခွင့် ရခဲ့တာကြောင့် လက်ရှိ ထောင် ၂၇ နှစ် ဆက်လက် ကျခံနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။