ခြံအမှတ် ၅၄ ကို ဈေးလျှော့ပြီး လေလံတင်ဖို့ ဦးအောင်ဆန်းဦးဘက်က တင်ပြ
2024.10.22
ရန်ကုန်တိုင်း ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းက အမွေဆိုင် အငြင်းပွားမှုရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံအမှတ် (၅၄) နဲ့နေအိမ်ကို လေလံကြမ်းခင်းဈေး ကျပ်ငွေ ဘီလီယံ ၂၉၀ နဲ့ ဈေးလျှော့ပြီး လေလံတင်ရောင်းချဖို့ အောက်တိုဘာ ၂၂ ရက် ဒီနေ့ရုံးချိန်းမှာ ဦးအောင်ဆန်းဦးဘက်က တင်ပြခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီအိမ်နဲ့ခြံကို ကျပ်ငွေ ၃၁၅ ဘီလီယံနဲ့ တစ်ကြိမ်၊ ၃၀၀ ဘီလီယံနဲ့ တစ်ကြိမ်၊ နှစ်ကြိမ်တိုင်တိုင် လေလံတင်ရောင်းချခဲ့ပေမဲ့ လေလံဆွဲ ဝယ်ယူသူ မရှိခဲ့ဘူး။
ဒါကြောင့် ရန်ကုန်တိုင်း ကမာရွတ်ခရိုင် တရားရုံးရဲ့ ဒီနေ့ရုံးချိန်းမှာ ဦးအောင်ဆန်းဦးဘက်က ကြမ်းခင်းဈေးကို ပြောင်းလဲသတ်မှတ်ဖို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။
အခုလို ဈေးနှုန်းတင်ပြလာတဲ့အပေါ် လာမဲ့ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေက ပြန်လည်တင်ပြဖို့ရှိနေပြီး နှစ်ဖက်စလုံးကို တင်ပြချက်တွေကို ကြားနာပြီးမှသာ တရားရုံးက ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ လာမဲ့ရုံးချိန်းကိုတော့ နိုဝင်ဘာ ၁၃ ရက်နေ့ကို တရားရုံးက ပြန်လည်ချိန်းဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရသေးတာ၊ ဒေါ်အောင်ဆန်းစုကြည် မသိရှိသေးဘဲ လေလံဆွဲခွင့် ပေးတဲ့အပေါ် ဥပေဒေနဲ့ မညီညွတ်ဘူးဆိုပြီး တရားရုံးမှာ ကန့်ကွက်မှုတွေ တောက်လျှောက်လုပ်လာတာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ခြံအမှတ် (၅၄) ပရဝုဏ်အတွင်းက ရှိသမျှကို လေလံတင်ရောင်းချပြီး ရလာတဲ့ငွေကို မောင်နှမနှစ်ဦး ခွဲဝေမယ်ဆိုပြီး ၂၀၀၀ ပြည့်နှစ်မှာ အမှုစတင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်မှာတော့ ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို သူမနေထိုင်ရာ အိမ်နဲ့ ခြံတစ်ဝက် ယူစေပြီး ကျန်အိမ်တစ်လုံးနဲ့ ခြံတစ်ဝက်ကို ဦးအောင်ဆန်းဦးက ရယူဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
ဒီအမိန့်ကိုမကျေနပ်လို့ NLD အစိုးရလက်ထက်မှာ ဦးအောင်ဆန်းဦးက ပြည်တော်စု တရားလွှတ်တော်ချုပ်အထိ အဆင့်ဆင့် အယူခံတက်ခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထောင်ချခံထားရချိန် ဦးအောင်ဆန်းဦးဘက်က အထူးအယူခံ ဆက်တက်ခဲ့ပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဦးအောင်ဆန်းဦးကို အနိုင်ပေးခဲ့ပါတယ်။
အဲဒီနောက် ရန်ကုန်တိုင်း ကမာရွတ်ခရိုင် တရားရုံးက လေလံတင်ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပြီး နှစ်ကြိမ်တိုင်တိုင် လေလံတင်ရောင်းချခဲ့ပေမဲ့ မအောင်မြင်တာကြောင့် ဒီအခြေအနေအထိ ရောက်လာတာလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ဒီအိမ်နဲ့ ခြံကို အမျိုးသားအဆင့် ယဥ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားတာကြောင့် ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချတာတွေလုပ်ရင် အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။