ခြံအမှတ် ၅၄ ကို ဈေးလျှော့ပြီး ရောင်းချမဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် ရှေ့နေအဖွဲ့ ကန့်ကွက်
2024.11.21
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းက အမွေဆိုင်အငြင်းပွားမှုရှိနေတဲ့ ခြံအမှတ် (၅၄) နဲ့ နေအိမ်ကို ဈေးလျှော့ပြီး လေလံတင်ရောင်းချဖို့ ဦးအောင်ဆန်းဦးဘက်က တင်ပြထားချက်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ကမာရွတ်ခရိုင်တရားရုံးကို ကန့်ကွက်လွှာ တင်လိုက်ပါတယ်။
နေအိမ်နဲ့ ခြံကို လေလံကြမ်းခင်းဈေး ကျပ်ငွေ ဘီလီယံ ၂၉၀ နဲ့ ဈေးလျှော့ပြီး လေလံတင် ရောင်းချပေးဖို့ဆိုပြီး ဦးအောင်ဆန်းဦးဘက်က အောက်တိုဘာလ ၂၂ ရက်နေ့ ရုံးချိန်းမှာ တရားရုံးကို တင်ပြထားတာပါ။
ဒီနေ့ရုံးချိန်းမှာတော့ ကြမ်းခင်းဈေး လျှော့ချသတ်မှတ်ပေးဖို့ တင်ပြချက်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ တရားဝင်စာတင် ကန့်ကွက်ခဲ့တာဖြစ်ပြီး ဘာကြောင့်ကန့်ကွက်ရတယ်ဆိုတဲ့ အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ကမာရွတ်ခရိုင်တရားရုံးကတော့ ဦးအောင်ဆန်းဦးဘက်က တင်ပြချက်နဲ့ ဒေါ်အောင်ဆန်းကြည် ရှေ့နေအဖွဲ့က ကန့်ကွက်ချက်တွေနဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးက လျှောက်လဲချက်ပေးဖို့ဆိုပြီး ဒီဇင်ဘာလ ၂ ရက်နေ့ကို ရုံးချိန်း ပြန်လည်ချိန်းဆိုခဲ့ပါတယ်။
ဒီအိမ်နဲ့ ခြံကို ကျပ်ငွေ ၃၁၅ ဘီလီယံနဲ့ တစ်ကြိမ်၊ ၃၀၀ ဘီလီယံနဲ့ တစ်ကြိမ်၊ နှစ်ကြိမ်တိုင်တိုင် လေလံတင်ရောင်းချခဲ့ပေမဲ့ လေလံဆွဲ ဝယ်ယူသူ မရှိတာကြောင့် လေလံကြမ်းခင်းဈေး ထပ်လျှော့ပေးဖို့ တရားနိုင်ဖြစ်တဲ့ ဦးအောင်ဆန်းဦးက တင်ပြထားတာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရသေးတာ၊ ဒေါ်အောင်ဆန်းစုကြည် မသိရှိသေးဘဲ လေလံဆွဲခွင့်ပေးတဲ့အပေါ် ဥပေဒေနဲ့ မညီညွတ်ဘူးဆိုပြီး တရားရုံးမှာ ကန့်ကွက်မှုတွေ တောက်လျှောက်လုပ်လာတာ ဖြစ်ပါတယ်။
အမှုနဲ့ပတ်သက်လို့ တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ရမှာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ခွင့်ရဖို့ ရှေ့နေအဖွဲ့က အောက်တိုဘာလ ၂၈ ရက်နေ့မှာ စစ်ကောင်စီကို တရားဝင်စာတင် တောင်းဆိုထားပေမဲ့ ဒီနေ့အထိ တွေ့ခွင့်မရသေးဘူးလို့လည်း ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
အသက် ၇၉ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီစွပ်စွဲတဲ့ အမှု (၁၉) မှုအတွက် ထောင် (၃၃) နှစ် ကျခံခဲ့ရပြီး ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်မှာ အမှု ငါးမှုအတွက် ခြောက်နှစ် လွတ်ငြိမ်းသက်သာခွင့်ရခဲ့တာကြောင့် လက်ရှိ ထောင် (၂၇) နှစ် ဆက်လက် ကျခံနေရပါတယ်။