မြန်မာ့အရေး ပိုပြီးဆောင်ရွက်ပေးဖို့ ဂျပန်ကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်လာဖို့ ဂျပန်အစိုးရက အခုထက်ပိုပြီး လုပ်ဆောင်သင့်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

2011.08.04
assk_japan_vice_fm_305_z.jpg မြန်မာနိုင်ငံကို ၃ ရက်ကြာ အလည်အပတ်လာရောက်သော ဂျပန်လွှတ်တော် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မာကီကို ကီကူတာ (ဝဲ) ကို ၂၀၁၁ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် တွေ့ရပုံ။
AFP

ဂျပန်သတင်းဌာန တခုဖြစ်တဲ့ Nikkei နစ်ခေး စီးပွားရေး သတင်းဌာနနဲ့ မနေ့တုန်းက သီးသန့် တွေ့ဆုံမေးမြန်းချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောဆိုလိုက်တာပါ။

လက်ရှိ ဦးသိန်းစိန် အစိုးရက ဒီမိုကရေစီ အပြောင်းအလဲကို တကယ်လုပ်ဆောင် လာတော့မယ်လို့ ယူဆ နေတာထက် မြန်မာ့နိုင်ငံရေး အခြေနေတွေကို လက်တွေ့ကျကျ သုံးသပ်ပြီး ဂျပန်အစိုးရက မြန်မာအစိုးရပေါ် ဆက်ဆံသင့်တယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည်က နစ်ခေး သတင်းဌာနကို ပြောပါတယ်။

လတ်တလော မှာတော့ ဂျပန်နိုင်ငံဟာ သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကို ပြန်လည်သုံးသပ်နေပြီး ODA လို့ ခေါ်တဲ့ နိုင်ငံရပ်ခြား စီးပွားရေး အကူအညီတွေ ပြန်လည် ပေးအပ်လိုတဲ့ ဆန္ဒရှိနေပါတယ်။

ဒီအချက်နဲ့ ပတ်သက်ပြီး တိုကျိုမြို့က မြန်မာ့အရေး ဆောင်ရွက်နေသူ ဦးကျော်ကျော်စိုးက အခုလို သုံးသပ် ပါတယ်။

“တရုတ်နိုင်ငံရဲ့ မြန်မာပြည် အရေးမှာ နိုင်ငံရေး အရရော စီးပွားရေး အရရော ဆက်ဆံမှု ပိုများတဲ့ နေရာမှာ ဂျပန် စီးပွားရေး သမားတွေက သူတို့ နောက်ကျ ကျန်နေပြီဆိုတဲ့ ခံစားချက်တွေ ရှိနေတယ်။ ဒါ့ကြောင့် နောက်ကွယ်ကနေ ဂျပန်အစိုးရကို တနည်းမဟုတ် တနည်းနဲ့ တွန်းအား ပေးတာမျိုး ပါဝင် လိမ့်မယ်လို့ ကျနော်က ယူဆပါတယ်။ ဒီအပေါ်မှာ ဂျပန်အစိုးရက မြန်မာပြည်မှာ ထားတဲ့ မူဝါဒကို ကျင့်သုံးမယ်လို့ ထင်ပါတယ်”

ပြီးခဲ့တဲ့ ဇူလိုင် လဆန်းပိုင်းတုန်းက မြန်မာနိုင်ငံကို သွားရောက်ချိန်မှာ ဂျပန် ပါလီမန်ဆိုင်ရာ နိုင်ငံခြားရေး ဒုဝန်ကြီး မစ္စခိခုတက မြန်မာနိုင်ငံကို ODA အကူအညီတွေ ပြန်ပေးဖို့ ဂျပန်အစိုးရက စဉ်းစားနေကြောင်း ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံကို အကူအညီအများဆုံးပေးခဲ့တဲ့ ဂျပန်နိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အဖွဲ့ဝင်တွေကို ၂၀၀၃ ခုနှစ် မေလက ဒီပဲယင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုအပြီး မြန်မာနိုင်ငံကို ODA အကူအညီတွေ ဖြတ်တောက် ခဲ့ပါတယ်။

မြန်မာပြည်ဆိုင်ရာ ဂျပန်အစိုးရရဲ့ သဘောထားနဲ့ ပတ်သက်ပြီး တိုကျိုမြို့က မြန်မာ့အရေးလှုပ်ရှားသူ ဦးကျော်ကျော်စိုးကို RFA ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။