ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ ရှေ့နေအဖွဲ့ ထပ်မံတောင်းဆို

RFA Burmese
2024.11.13
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ ရှေ့နေအဖွဲ့ ထပ်မံတောင်းဆို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ် အမှတ် (၅၄) တွင် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့က တွေ့ရစဥ်။
Reuters

စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ခွင့်ရဖို့ သူရဲ့ ရှေ့နေအဖွဲ့က စစ်ကောင်စီထံ တရားဝင်တင်ပြ တောင်းဆိုထားပေမဲ့ နိုဝင်ဘာလ ၁၄ ရက် ဒီနေ့အထိ တွေ့ဆုံခွင့် မရသေးဘူးလို့ ရန်ကုန်တိုင်း ကမာရွတ်ခရိုင်တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄) နဲ့ နေအိမ် အမွေဆိုင်အမှုကိစ္စအတွက် နိုဝင်ဘာလ ၁၃ ရက် မနေ့က ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က တင်ပြဖို့ရှိနေပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရသေးတာနဲ့ ညွှန်ကြားချက်မရသေးတာတွေကြောင့် ရုံးချိန်းကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့တာလို့ ဆိုပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ဆုံဆွေးနွေးဖို့အတွက် အောက်တိုဘာလ ၂၈ ရက်နေ့မှာ စစ်ကောင်စီရဲ့ ခွင့်ပြုချက်ပေးနိုင်တဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေထံ ရှေ့နေအဖွဲ့က တရားဝင်တင်ပြ တောင်းဆိုထားတာလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ ဘယ်ဌာနတွေကို တင်ပြထား တယ်ဆိုတဲ့ အသေးစိတ် အချက်အလက်ကိုတော့ မသိရသေးပါဘူး။

ကမာရွတ်ခရိုင်တရားရုံးကတော့ ရုံးချိန်းကို နိုဝင်ဘာလ ၂၁ ရက်နေ့ကို ရွှေ့ဆိုင်းပေးခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းချိန် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးစွပ်စွဲခဲ့တဲ့ အမှုတွေထဲက နောက်ဆုံးလက်ကျန် အမှုတွေကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက် အမိန့်ချတဲ့နေ့ နောက်ပိုင်းကစပြီး ရှေ့နေအဖွဲ့နဲ့ လုံး၀တွေ့ဆုံခွင့် မရတော့သလို ပြင်ပကမ္ဘာနဲ့လည်း အဆက်သွယ်ဖြတ်ခံထားရတာပါ။

ဒီအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ကိုလည်း ပြည်တွင်း၊ ပြည်ပမီဒီယာတွေနဲ့ ဆက်သွယ် စကားပြောဆိုခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။

ရှေ့နေအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ဆုံခွင့်ပေးဖို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကစလို့ အကြိမ်ကြိမ် စာနဲ့ တင်ပြတောင်းဆိုခဲ့ပေမဲ့ စစ်ကောင်စီက တစ်ကြိမ်တစ်ခါမှ အကြောင်းပြန်လာတာမျိုး မရှိဘူးလို့လည်း ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကို သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

အသက် ၇၉ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီစွပ်စွဲတဲ့ အမှု (၁၉) မှုအတွက် ထောင် (၃၃) နှစ်ကျခံခဲ့ရပြီး ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်မှာ အမှု ငါးမှုအတွက် ခြောက်နှစ် လွတ်ငြိမ်းသက်သာခွင့်ရခဲ့တာကြောင့် လက်ရှိ ထောင် (၂၇) နှစ် ဆက်လက် ကျခံနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။