ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ကြီးနိုင်ကျဉ်းတွေ အသက်အန္တရာယ်စိုးရိမ်ရ

RFA Burmese
2024.11.09
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ကြီးနိုင်ကျဉ်းတွေ အသက်အန္တရာယ်စိုးရိမ်ရ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်လာသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။
AFP

ကွယ်လွန်ခါနီးချိန်မှ ဒေါက်တာဇော်မြင့်မောင်နဲ့ ဦးဝင်းခိုင်တို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ အသက်အရွယ်ကြီးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် အသက်အန္တရာယ်စိုးရိမ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က နိုဝင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် နိုဝင်ဘာလ ၈ ရက် ညက ကွယ်လွန်သွားပြီးနောက် PPNM က အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

PPNM ကော်မတီဝင် ကိုသိုက်ထွန်းဦးက "ဒါကြောင့်မို ဒီပုံစံအတိုင်းသာ ဆက်နေရမယ်ဆိုရင် လူထုခေါင်းဆောင်အပါအဝင် အသက်အရွယ်ကြီးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် အသက်အန္တရာယ် အာမခံနိုင်ခြေ၊ ထောင်တွင်းမှာ အသက်ရှင်လျက်ပြန်ထွက်လာနိုင်မယ်ဆိုတဲ့ အသက်အာမခံ ရှိမနေဘူးလို့ ပြောချင်ပါတယ်၊ ဒါက စိုးရိမ်စရာတစ်ရပ်လို့လည်း ပြောချင်ပါတယ်" လို့ RFA ကို ပြောပါတယ်။

အဂတိလိုက်စားမှုစွပ်စွဲချက်တွေနဲ့ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ ဦးဝင်းခိုင်ဟာ ကျန်းမာရေးဆိုးဝါးလာတာကြောင့် အောက်တိုဘာလ ဒုတိယအပတ်လောက်ကစပြီး အိုးဘိုအကျဉ်းထောင်ကနေ မန္တလေးဆေးရုံကြီးမှာ ပြောင်းရွှေ့ဆေးကုသမှုခံယူခဲ့ရတာပါ။ မန္တလေးဆေးရုံကြီးမှာ ကျန်းမာရေးဆိုးရွားလာပြီး သတိလစ်မေ့မျောနေချိန် အောက်တိုဘာလ ၂၈ ရက်နေ့မှာတော့ စစ်ကောင်စီက ဦးဝင်းခိုင်ကို လွတ်ငြိမ်းခွင့်ပေးခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဟာ ကျန်းမာရေးအခြေအနေ ဆိုးဝါးပြီး အသက်ရှင်ဖို့ ရာခိုင်နှုန်းနည်းတဲ့အချိန်မှသာ လွတ်ငြိမ်းချမ်းသာပေးနေတာဟာ ထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရလို့ သေဆုံးတာကို ဖုံးကွယ်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့လည်း PPNM ကဆိုပါတယ်။

၂၀၂၄ ခုနှစ်အတွင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်တို့ နှစ်ဦးကို ကွယ်လွန်ခါနီးအချိန်မှသာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာဖြစ်ပါတယ်။

PPNM ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်အဲရစ်ကလည်း သူ့ မိခင်ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း သတင်းမီဒီယာတွေကို ဖြေဆိုထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ထောင်တွင်း ဆေးကုသမှု မလုံလောက်တာကြောင့် သေဆုံးရသူ ၆၃ ယောက်အထိ ရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။