ဒေါ်အောင်ဆန်းစုကြည် လက်သီးနဲ့ အထိုးခံရမှုအယူခံ တိုင်းတရားရုံးပယ်ချ

ခြံအမှတ် (၅၄) နေအိမ်ပြင်ဆင်မှု အငြင်းပွားချိန် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည် မောင်တစ်ဝမ်းကွဲ ဦးစိုးအောင်က ကိုယ်ထိလက်ရောက် လက်သီးနဲ့ ထိုးခဲ့တဲ့ အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်က အယူခံတက်ထားမှုကို ရန်ကုန်တိုင်း တရားလွှတ်တော်က စက်တင်ဘာလ ၆ ရက်မနေ့က ပယ်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ဒီနေ့ RFA ကိုပြောပါတယ်။
ရာဇဝတ်ပြင်ဆင်မှု တက်ထားတာကို ရန်ကုန်တိုင်းတရားလွှတ်တော်က မနေ့မှာ ပယ်ချ လိုက်တာဖြစ်ပြီး တိုင်းအဆင့်က ပယ်ချပြီးဖြစ်တာကြောင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ဆက်တက်ဖို့ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဦးစိုးအောင်ဟာ အရင်စစ်အစိုးရလက်ထက် ၂၀၀၂ ခုနှစ် မေလ ၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို အသိမပေးဘဲ ခြံအတွင်းက နေအိမ်ကို ပြင်ဆင်ဖို့ အလုပ်သမားတွေ ခေါ်လာတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်ပြောဆို ချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်ထိလက်ရောက် လက်သီးနဲ့ ထိုးခဲ့တာပါ။
ဒီအမှုနဲ့ပတ်သက်လို့ အဲဒီအချိန်တုန်းက နှစ်ဖက်အပြန်အလှန် တရားစွဲဆိုခဲ့ကြပြီး ဗဟန်း မြို့နယ် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ငွေဒဏ် ၅၀၀ ကျပ်၊ ဦးစိုးအောင်ကို ငွေဒဏ် ၁၀၀၀ ကျပ် အမိန့်ချခဲ့တာပါ။
အဲဒီအမိန့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က လက်မခံနိုင်တဲ့အတွက် ငွေဒဏ်မဆောင်ခဲ့ဘဲ ခရိုင်အဆင့် အယူခံ တင်သွင်းထားတာဖြစ်ပြီး နှစ်ပေါင်းများစွာ ကြားနာဆုံးဖြတ်တာ မလုပ်ဘဲ ဆိုင်းငံ့ထားခဲ့ပါတယ်။
ပြစ်ဒဏ်ချထားမှုကို နှစ်ပေါင်း ၂၀ ကြာတဲ့အချိန် ၂၀၂၀ မေလ ၂၇ ရက်နေ့က ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက မူလပြစ်ဒဏ်တွေအတိုင်း အတည်ပြု ပေးလိုက်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက တိုင်းအဆင့်ကို ဆက်တက်တဲ့အခါ တိုင်းအဆင့် မှာလည်း ပယ်ချခံခဲ့ရတာပါ။
တက္ကသိုလ်ရိပ်သာလမ်း အမှတ် (၅၄) မှာရှိတဲ့ နေအိမ်နဲ့ ခြံဝင်းဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ အမွေဆိုင်ခွဲဝေမှု ပတ်သက်ပြီး ကာလကြာရှည် အငြင်းပွား နေခဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့ကတော့ ဦးအောင်ဆန်းဦးရဲ့ အထူး အယူခံကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အနိုင်ပေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အမှုပေါင်း ၁၉ မှုနဲ့ တရားရင်ဆိုင်နေရပြီး အဲဒီအထဲက အမှု ၁၁ မှုအတွက် ထောင်ဒဏ်နှစ် ၂၀ ချမှတ် ခံထားရပါတယ်။