ဒေါ်အောင်ဆန်းစုကြည်ရဲ့အထူးအယူခံကို စစ်ကောင်စီဗဟိုတရားရုံးပယ်ချ
2023.12.18
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အရင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကနေ ရွှေချောင်းနဲ့ ဒေါ်လာတွေ လက်ခံထားတယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး ထောင်ဒဏ်ချမှတ်ထားတဲ့အမှုအတွက် အထူးအယူခံကို စစ်ကောင်စီ ဗဟိုတရားရုံးက ဒီနေ့ ပယ်ချလိုက်တယ်လို့ တရားရေးဌာန အရာရှိတစ်ဦးကို ကိုးကားပြီး AP သတင်းမှာ ဒီဇင်ဘာ ၁၈ ရက်နေ့က ဖော်ပြထားပါတယ်။
တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အထူးအယူခံဆုံးဖြတ်ပွဲကို သတင်းမီဒီယာတွေ၊ သံတမန်တွေနဲ့ လေ့လာသူတွေကို ဝင်ခွင့်မပေးဘဲ တံခါးပိတ်ပြုလုပ်ခဲ့တာပါ။
ဒီအကြောင်းကိစ္စတွေကို ပြင်ပကို မပြောရဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို ပိတ်ပင်တားမြစ်ထားပါတယ်။
အယူခံပယ်လိုက်တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ တရားရေးဆိုင်ရာ အမည်မဖော်လိုသူ အရာရှိတစ်ယောက်က AP သတင်းဌာနကို ပေးပို့တာလို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်မှာ ဦးဖြိုးမင်းသိန်းဆီကနေ အမေရိကန် ဒေါ်လာ ခြောက်သိန်းနဲ့ ရွှေချောင်း ခုနစ်ချောင်း လက်ခံထားတယ်လို့ စစ်ကောင်စီ လက်အောက်ခံတရားရုံးက ဆုံးဖြတ်ပြီး အဲဒီအမှုအတွက် ထောင်ဒဏ် ငါးနှစ်ကို ပြီးခဲ့တဲ့ ဧပြီလက ချမှတ်ခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ကတော့ အဲဒီစွပ်စွဲချက်တွေအားလုံးဟာ အခြေအမြစ်မရှိဘူးလို့ ပြောတဲ့အကြောင်း သူ့ရှေ့နေတွေက အစောပိုင်းမှာပြောထားပါတယ်။
အသက် ၇၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရပါတယ်။