ဒေါ်အောင်ဆန်းစုကြည် ပူးတွဲစွဲဆိုခံထားရတဲ့ မစ္စတာရှောင်တားနဲလ်အမှု အပြီးသတ်အမိန့်ချမည်

2022.09.22
ဒေါ်အောင်ဆန်းစုကြည် ပူးတွဲစွဲဆိုခံထားရတဲ့ မစ္စတာရှောင်တားနဲလ်အမှု အပြီးသတ်အမိန့်ချမည် မစ္စတာ ရှောင်တားနဲလ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ၂၀၂၁ ခုနှစ်အတွင်းက တွေ့ရစဥ်။
Photo: Sean Turnell's Facebook

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က စီးပွားရေးအကြံပေးအဖြစ် တာဝန်ယူခဲ့တဲ့ ဩစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တားနဲလ်နဲ့အတူ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ပါ ပူးတွဲ စွဲဆိုခံထားရတဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက် ဥပဒေပုဒ်မ-၃ (၁) (ဂ) အမှုကို လာမယ့်ရုံးချိန်းဖြစ်တဲ့ စက်တင်ဘာ ၂၉ ရက်နေ့မှာ အပြီးသတ်အမိန့်ချဖို့ ရှိနေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါ တယ်။

စက်တင်ဘာ ၂၂ ရက် ဒီနေ့ရုံးချိန်းမှာ အမှုနဲ့ပတ်သက်လို့ နှစ်ဖက်လုံးက အပြီးသတ် လျှောက်လဲချက်ပေးခဲ့ပြီး နောက်တစ်ပတ် ကြာသပတေးနေ့ စက်တင်ဘာ ၂၉ မှာ အမိန့်ချဖို့ တရားရုံးက ချိန်းဆိုခဲ့တာလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီအမှုမှာ မစ္စတာ ရှောင်တားနဲလ်နဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ စီမံဘဏ္ဍာနဲ့ စက်မှု ဒုဝန်ကြီး ဦးဆက်အောင်၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း တို့ပါ ပူးတွဲစွဲဆိုခံထားရတာဖြစ်ပြီး အားလုံး တစ်ပြိုင်နက် အမိန့်ချမှတ်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ-၃ (၁) (ဂ) ဟာ အင်္ဂလိပ်ကိုလိုနီ လက်ထက် ၁၉၂၃ ခုနှစ် ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ အက်ဥပဒေဖြစ်ပြီး ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်ထိ ချမှတ်နိုင် ပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ် Antony Albanese နဲ့ နိုင်ငံခြားရေးဝန်ကြီး Penny Wong တို့ကတော့ မစ္စတာ ရှောင်တားနဲလ်ကို ချက်ချင်းလွှတ်ပေးဖို့အတွက် ပြီးခဲ့တဲ့ ဇွန်လထဲမှာ တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာက သြဂုတ်လ ၁၇ ရက်နေ့က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံရာမှာ မစ္စတာ ရှောင်တားနဲလ်ကို ပြန်လွှတ်ပေး ဖို့ တောင်းဆိုခဲ့ပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မစ္စတာ ရှောင်တားနဲလ်ကိစ္စမှာ ဩစတြေးလျနိုင်ငံအစိုးရ အနေနဲ့ အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေ ဆောင်ရွက်မယ်ဆိုရင် တင်းတင်းမာမာ ဆောင်ရွက်ရမယ့် အခြေအနေမျိုးမရှိကြောင်း ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

မစ္စတာ ရှောင်တားနဲလ်ဟာ NLD အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေးအဖြစ် ၂၀၁၇ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပြီး စစ်တပ်က အာဏာသိမ်း ပြီးတဲ့နောက် ပထမဆုံးထိန်းသိမ်းခံရတဲ့ NLD အစိုးရနဲ့ နီးစပ်တဲ့ နိုင်ငံခြားသားတစ်ဦး ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မစ္စတာရှောင်တားနဲလ် အတူပူးတွဲစွဲဆိုခံထားရတဲ့ အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ-၃ (၁) (ဂ) အမှုပါအဝင် အမှုပေါင်း ၁၉ မှုနဲ့ တရားရင်ဆိုင် နေရပြီး အဲဒီအထဲက အမှု ၁၁ မှုအတွက် ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံထားရပါတယ်။ ကျန်တဲ့အမှုတွေကိုလည်း နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးမှာ ဆက်လက် တရားရင်ဆိုင်နေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။