ဒေါ်အောင်ဆန်းစုကြည် ထောင်ခုနစ်နှစ် ထပ်ချခံရ၊ စုစုပေါင်း ၃၃ နှစ်ထိကျခံရဖို့ရှိ
2022.12.30
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို စွပ်စွဲထားတဲ့ အမှုတွေထဲက နောက်ဆုံး ငါးမှုအတွက် ထောင်ဒဏ်ခုနစ်နှစ်စီကျခံဖို့ နေပြည်တော်အချုပ် ထောင်တွင်း တရားရုံးကနေ ဒီဇင်ဘာလ ၃၀ ရက် ဒီကနေ့ အမိန့်ချမှတ်လိုက်ပါတယ်။
၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမတိုင်ခင် အမှု ၁၄ ခုအတွက် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံထားရတာကြောင့် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ်ထိ ကျခံရမှာဖြစ်ပါတယ်။
၇၁ နှစ်အရွယ် ဦးဝင်းမြင့်ကတော့ ဒီမတိုင်ခင် အမှုသုံးခုအတွက် ထောင်ငါးနှစ် ချမှတ်ခံ ထားရတာပါ။ ဒါ့ကြောင့် စုစုပေါင်းအမှုရှစ်ခုအတွက် ထောင်ဒဏ် ၁၂ နှစ်ထိ ကျခံရဖို့ ရှိနေပါတယ်။
"စကစဟာ သူတို့တက်လာကတည်းကိုက တရားမဝင်တက်လာ တာ အာဏာသိမ်းပြီးတော့။ သူတို့ရဲ့လုပ်ရပ်တွေအားလုံးဟာ တရားမဝင်ဘူးဆိုတာကိုပဲ ကျနော် အခိုင်အမာပြောပါရစေ”
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်ဖို့ NLD အစိုးရက ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းတာနဲ့ ပြုပြင်ထိန်းသိမ်း ခဲ့တဲ့ကိစ္စတွေအတွက် စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၅ နဲ့ အမှုငါးခုဖွင့်ပြီး တရားစွဲဆိုခဲ့တာပါ။
ရဟတ်ယာဉ် ငှားရမ်းတာနဲ့သက်ဆိုင်တဲ့ အမှုသုံးခု၊ ရဟတ်ယာဉ် ပြုပြင်ထိန်းသိမ်းတာနဲ့ သက်ဆိုင်တဲ့အမှုတစ်ခု စုစုပေါင်းလေးမှုအတွက် ထောင်သုံးနှစ် တစ်ပေါင်းတည်ကျခံဖို့နဲ့ ရဟတ်ယာဉ်အသစ်တစ်စင်း ဝယ်ယူတဲ့အမှု အတွက် ထောင်လေးနှစ်ကျခံဖို့ အမိန့်ချမှတ်ခဲ့ တာပါ။
ဒီနေ့ နောက်ဆုံးရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို ဆုတောင်းမေတ္တာပို့သနေကြောင်းနဲ့ သူ့ရဲ့ရှေ့နေတွေကိုလည်း ကျင့်ဝတ်နဲ့အညီ ဂုဏ်သိက္ခာရှိရှိ ဆက်လက်ရပ်တည်ကြဖို့ မှာကြားခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဖြစ်တဲ့ NLD အစိုးရလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ဟာ အမှားအယွင်းမလုပ်ဘဲနဲ့ ထောင်ဒဏ်ချမှတ်ခံရတာလို့ ပြောပါတယ်။
“ရဟတ်ယာဉ်ကို ငှားရမ်းဝယ်ယူသုံးစွဲဖို့ မလုပ်ခင်ကတည်းက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က သေသေချာချာမှာတယ်။ ဒါဟာ ဇိမ်ခံစီးဖို့မဟုတ်ဘူး၊ ပြည်သူ့ဒုက္ခကို ကယ်တင်ဖို့ အရေးပေါ်ကယ်ဆယ်တဲ့ ပုံစံဖြစ်အောင်ပဲ လုပ်ရမယ်။ ဇိမ်ခံပစ္စည်းပုံစံမျိုးမလုပ်နဲ့ဆိုတာ ညွှန်ကြားပြီးသားဖြစ်ပါတယ်။ အဲဒီအတိုင်းပဲ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ရဟတ်ယာဉ် ငှားရမ်း၊ ဝယ်ယူသုံးစွဲမှုနဲ့ ပတ်သက်လို့ ရည်ရွယ်ချက်လည်းမှန်တယ်။ လုပ်ထုံးလုပ်နည်းလည်း မှန်ပါတယ်”
စစ်ကောင်စီလက်ထက်မှာ ဒုတိယသမ္မတ ဆက်ဖြစ်နေသူ ဦးဟင်နရီဗန်ထီးယူကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တိုက စည်းမျဉ်း၊ စည်းကမ်းတွေအတိုင်း ဆောင်ရွက်ခဲ့ တာလို့ သက်သေထွက်ဆိုခဲ့ပါတယ်။
တရားရုံးနဲ့ နီးစပ်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ဟာ အခုအမိန့် ချမှတ်ခံရတဲ့အမှုတွေအတွက် အထက်တရားရုံးကို အယူခံတက်ဖို့ရှိနေတယ်လို့ ဆိုပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတတို့ စွပ်စွဲခံရတဲ့အမှုအားလုံး တစ်မှုမှ လွတ်မြောက် တာမရှိဘဲ ပြစ်ဒဏ်စီရင်ခဲ့တာကိုကြည့်ရင် တရားစီရင်ရေးရဲ့ ယိမ်းယိုင်မှုကို တွေ့ရတယ်လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက သုံးသပ်ပါတယ်။
“ဥပဒေကြောင်းအရ ကြည့်ရင်လည်း ဒါဟာ မသင့်ဘူးပေါ့။ တချို့အမှုတွေက မပေါ် ပေါက်လို့ လွတ်မြောက်သွား တာလည်းရှိရမယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ စွဲတင်သမျှအမှု တိုင်းမှာ ပြစ်မှုထင်ရှားတွေ့ရှိတယ်လို့ သုံးသပ်ပြီး ပြစ်ဒဏ်တွေ ချတာကလည်းပဲ ဥပဒေ ရှုထောင့်ကကြည့်ရင်တော့ ဒါဟာ ဘယ်လိုမှ ညီညွတ်မှုမရှိဘူး။ ပြစ်မှုထင်ရှားခြင်းမရှိဘူး။ ခိုင်ခိုင်လုံလုံ ခြေခြေမြစ်မြစ်မရှိဘူး။ ဒါကြောင့် ဒီအမှုကိုတော့ လွှတ်လိုက်တယ်ဆိုတာ မျိုး ပါရမယ့်အမှုတွေ ရှိကောင်းရှိလိမ့်မယ်။ ဒီလိုပါမလာဘဲနဲ့ စွဲသမျှအမှုအားလုံးသည် အပြစ်ရှိတယ်။ အပြစ်ကျူးလွန်တယ်ဆိုပြီး အပြစ်ပေးတာသည် တရားစီရင်ရေး ယိမ်းယိုင်တဲ့သဘောလို့ ပြောလို့ရပါတယ်”
စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တရားဥပဒေအရ အကြောင်းအရာခိုင်လုံတဲ့ အမှုတွေအတွက် တရားစီရင်ခြင်းခံရတာလို့ အရင်က RFA ကို ဖြေဆိုခဲ့ဖူးပါတယ်။
NLD ပါတီ ရန်ကုန်တိုင်းဒလမြို့နယ်တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးဘိုဘိုဦးကတော့ စစ်ကောင်စီတရားရုံးတွေရဲ့ စီရင်မှုတွေဟာ နိုင်ငံရေးလုပ်ကြံမှုတွေဖြစ်တယ်လို့ ဝေဖန်ပါတယ်။
“ဒီလိုမျိုးလုပ်ရပ်တွေဆိုတာ ပြည်သူလူထုကိုစိတ်ဓာတ်ကျအောင်လုပ်တာပေါ့နော်။ နောက်ပြီးတော့ နိုင်ငံရေးသမားတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တာပေါ့။ နိုင်ငံရေးအရလုပ်ကြံတဲ့ အမှုမျိုးလို့ ပြောလို့ရသလို character assassination ပေါ့ဗျာ ကိုယ်ကျင့်တရားကို လုပ်ကြံတဲ့ အမှုမျိုးတွေပေါ့ဗျာ။ အဲဒါမျိုးတွေကို ဖန်တီးပြီးတော့ လုပ်တာပါ။ အဲဒီအတွက် စကစဟာ သူတို့တက်လာကတည်းကိုက တရားမဝင်တက်လာ တာ အာဏာသိမ်းပြီးတော့။ သူတို့ရဲ့လုပ်ရပ်တွေအားလုံးဟာ တရားမဝင်ဘူးဆိုတာကိုပဲ ကျနော် အခိုင်အမာပြောပါရစေ”
အထူးသဖြင့် စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးစင်မြင့်ကနေ အပြီးတိုင် ဖယ်ရှားဖို့ ကြိုးစားတာလို့ နိုင်ငံရေးသုံးသပ်သူဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ပြည်သူလူထုရဲ့ယုံကြည်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခေါင်းဆောင်မှုကို ပြည်သူတစ်ရပ်လုံးက လိုက်ပါနေမှုဟာ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးကွင်းကျင်းထဲမှာ ရှိနေသမျှ စစ်အာဏာရှင်တွေအနေနဲ့ ဘယ်တော့မှ မကျော် လွှားနိုင်ဘူး။ အနိုင်မရနိုင်ဘူးဆိုတာကို သူတို့ သဘောပေါက်သွားပါပြီ။ ဒါကြောင့်မို့ စစ်ကောင်စီရဲ့ စစ်အာဏာရှင်စနစ် အဓွန့်ရှည် တည်တန့်ရေးအတွက်ကတော့ သူတို့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် မရှိတဲ့၊ မပါတဲ့ နိုင်ငံရေးကွင်းကျင်းမှာသာ သူတို့ အနိုင်ရမယ်ဆိုတာ ယူဆတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဘဝကနေ ရာသက်ပန် ဖယ်ရှားပစ်ဖို့ ကြိုးစားနေကြတာပါ”
လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ရဲ့ အမှုတွေအားလုံး ပြီးပြတ်သွားပါပြီ။ ဒါပေမဲ့ ဘယ်အကျဉ်းထောင်မှာ ဆက်ထားမယ် ဒါမှမဟုတ် နေအိမ်အကျယ်ချုပ်ထားမယ် စသဖြင့် နောက်ဆက်တွဲ အခြေအနေတွေကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
၂၀၂၂ ခုနှစ် သြဂုတ်လ ၁၇ ရက်က ကုလသမဂ္ဂအထွထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သူရဲ့ နေအိမ်ကို ပြန်လည်ပို့ဆောင်ဖို့ နိုလင်းဟေဇာက တောင်းဆိုခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေအားလုံး ပြီးပြတ်သွားရင် စဉ်းစားဆောင်ရွက်မယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးပြန်လွှတ်ဖို့ နဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အမြန်ဆုံးရပ်တန့်ဖို့ တိုက်တွန်းတဲ့ဆုံးဖြတ်ချက်ကို ဒီဇင်ဘာလ၂၁ ရက်မှာ မဲခွဲအတည်ပြုခဲ့ပါတယ်။