ထားဝယ်မြို့မှာ လေးရက်အတွင်း ဒေသခံရှစ်ဦး အဖမ်းခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ လေးရက်အတွင်း ဒေသခံရှစ်ဦးထက်မနည်း အဖမ်းခံခဲ့ရတယ်လို့ ထားဝယ်ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၁၅ ရက်နေ့က ထားဝယ်မြို့အဝင် ကမျောကင်းတံတား စစ်ဆေးရေးဂိတ်မှာ ရေဖြူမြို့နယ် ဘက်ကနေ ဈေးလာဝယ်တဲ့ ဦးစိုးသိန်းဆိုသူနဲ့ သူ့အမျိုးသမီးတို့ ဖမ်းဆီးခံခဲ့ ရပြီး အမျိုးသမီး ပြန်လွတ်လာပေမယ့် ယောက်ျားဖြစ်သူကိုတော့ စစ်ကြောရေး ပို့လိုက် တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဖမ်းခံရသူ အများစု ပြန်လည်လွတ်မြောက်လာတာမျိုး မရှိသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထားဝယ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ထားဝယ်မှာ အဖမ်းခံရသူတွေထဲက အများစုက မလွတ်သေးဘူး။ ထားဝယ်မြို့ပေါ်မှာပဲ ရပ်ကွက်တွေမှာ ဝင်အဖမ်းခံရတာတို့၊ လေယာဉ်ကွင်းမှာ ခရီးသွားမယ့်အချိန်မှာ အဖမ်းခံရတာတို့။ ပြီးတော့ ကျနော်တို့ ကမျောကင်းတံတား စစ်ဆေးရေးဂိတ်မှာ နယ်ဘက်ကနေ လာတဲ့သူတွေ အဖမ်းခံရတာမျိုး ရှိတယ်။ အားလုံးဆိုရင် ဒီလေး၊ ငါးရက်အတွင်းမှာ ခုနစ်ယောက်၊ ရှစ်ယောက်လောက် အဖမ်းခံထားရတယ်”
နိုဝင်ဘာလ ၁၆ ရက်နေ့ မနက် ၈ နာရီမှာလည်း ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်၊ တောင်ခွလမ်းဆုံမှာ ပလာတာ ရောင်းနေတဲ့ အသက် ၅၀ အရွယ် ဦးဌေးအောင်ဆိုသူကို အိမ်နီးနားချင်းတွေက တိုင်လို့ဆိုပြီး ရဲစခန်းကနေ လာဖမ်းသွားတယ်လို့ ဆိုပါတယ်။
ဦးဌေးအောင်ကို လာဖမ်းအချိန်မှာ ရဲကို ပြန်ထိုးလို့ဆိုပြီး ဦးဌေးအောင်ကို ဝိုင်းဝန်းထိုးကြိတ် ကာ အခုလက်ရှိ ထားဝယ်မြို့မရဲစခန်းမှာ ဖမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၁၆ ရက်နေ့ ညပိုင်းမှာလည်း ထားဝယ်မြို့မှာနေထိုင်တဲ့ ဦးအောင်ကြည်ဆိုသူနဲ့ သူ့ အမျိုးသမီးကို စစ်ကောင်စီ တပ်သားတွေ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဒီနေ့အထိ ပြန်မလွှတ်သေးဘူးလို့ ဆိုပါတယ်။
နိုဝင်ဘာလ ၁၈ ရက်နေ့ မနက် ၉ နာရီခန့် ထားဝယ်လေယာဉ်ကွင်းမှာ လေယာဉ်စီးဖို့ စောင့်နေတဲ့ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးလည်း အဖမ်းခံရပြီးနောက် စစ်ကြောရေးကို ပို့ခံလိုက်ရတယ်လို့ ထားဝယ် ဒေသခံတွေက ပြောပါတယ်။
အဲဒီနေ့ညနေပိုင်းမှာပဲ ထားဝယ်မြို့နယ်၊ ဆန်းချီ မြို့သစ်ရပ်ကွက် ၈ လမ်းနဲ့ ၂ လမ်းထောင့် မှာ လူငယ်အမျိုးသား နှစ်ဦးကို ဆိုင်ကယ်ပေါ် နှစ်ဦး စီးလာလို့ဆိုပြီး ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေက ရိုက်နှက်ဖမ်းဆီး သွားတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၁၉ ရက် မနေ့က ထားဝယ်ခရိုင်၊ လောင်းလုံးမြို့၊ (ဂ) ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၆ နှစ်အရွယ် မခင်လေးနွယ်ဆိုသူ အမျိုးသမီးကို နေအိမ်ကနေ စစ်ကောင်စီတပ် တွေက လာရောက်ဖမ်းဆီးသွားခဲ့ပြီး ဒီနေ့ မနက်ပိုင်းမှာတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြုစုထားတဲ့ မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ထိ ဖမ်းဆီးခံထားရသူ စုစုပေါင်း ၁၂,၉၆၂ ဦးရှိပြီး အဲဒီအထဲက ၁၆၁၄ ဦးကတော့ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရပါတယ်။