လားရှိုးမြို့ပေါ်မှာ သေဆုံးရုပ်အလောင်းတွေ မကောက်ယူနိုင်သေး
2024.07.26
တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ်မှာ လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အရပ်သားရုပ်အလောင်း ငါးလောင်းထက်မနည်း ရှိနေပြီး သင်္ဂြိုဟ်ပေးမဲ့သူ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မြို့ပေါ် ရပ်ကွက်တွေမှာ ရှော့တိုက်ဒုံးနဲ့ လက်နက်ကြီးကျည်ကျတာ၊ တိုက်အမြင့်တွေပေါ်က လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခံရတာတွေကြောင့် အရပ်သား သေဆုံးမှုတွေ ရှိနေပြီး ကူညီပေးနိုင်မယ့်သူတွေလည်း မြို့ပေါ်မှာ မရှိတော့ဘူးလို့ လားရှိုးမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
“ကျွန်တော်တွေ့တာ နှစ်ယောက်၊ နောက်ထပ် အရှေ့မှာ နှစ်ယောက်ရှိသေးတယ်။ လမ်းတွေပေါ် မှာ သေဆုံးနေတာ။ ဘယ်သူတွေလဲ မသိဘူး။ ရှော့တိုက်ဒုံးတွေ ကျတာကို သွားကြည့်လို့ သေတဲ့သူတွေလည်း ရှိတယ်။ အခုလေးယောက်က မန်ဆူကျောင်းနားမှာပဲ”
လားရှိုးအကျဉ်းထောင်အနီးက ရပ်ကွက်ထဲမှာလည်း သေဆုံးနေတဲ့ ရုပ်အလောင်းတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့ မနက်ပိုင်းမှာတော့ ရွှေသံလွင်ပရဟိတအသင်းသားတစ်ဦး ပစ်ခတ်ခံရပြီးနောက် မြို့အတွင်းပိုင်းမှာ လူမှုကူညီရေးအဖွဲ့တွေ အလုပ်မလုပ်နိုင်တော့ဘူးလို့ ပရဟိတအသင်းအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
လားရှိုးမြို့မှာ သေဆုံးတဲ့ အရပ်သားတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ကြောင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) က မနေ့က ကြေညာထားပြီး စစ်ကောင်စီဘက်ကတော့ ဒီကိစ္စအပေါ် မဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။
ဇူလိုင်လ ၂၆ ရက်နေ့ မနက်ပိုင်းမှာတော့ လားရှိုးမြို့ရဲ့ အဓိကကျတဲ့နေရာတွေကို MNDAA တပ်ဖွဲ့က ထိန်ချုပ်ထားပြီး ရပ်ကွက် (၉)၊ ရပ်ကွက် (၁၁)၊ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၄)၊ ရပ်ကွက် (၅) အတွင်း ဖြန့်ကျက်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၁၀၂၇ စစ်ဆင်းရေး ဒုတိယပိုင်းစတင်တဲ့ တစ်လအတွင်းမှာပဲ လားရှိုးမြို့နယ်ထဲမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ကလေးငါးဦး အပါအဝင် အရပ်သား ၃၈ ဦး သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဇူလိုင်လ ၂၅ ရက်နေ့က ထုတ်ပြန်ပါတယ်။