တိုက်ခိုက်မှုကြောင့် လှိုင်းဘွဲ့နဲ့ ကျောက်ကြီးမှာ အရပ်သား နှစ်ဦးသေ၊ ခြောက်ဦး ဒဏ်ရာရ

2023.02.04
Share on WhatsApp
Share on WhatsApp
တိုက်ခိုက်မှုကြောင့် လှိုင်းဘွဲ့နဲ့ ကျောက်ကြီးမှာ အရပ်သား နှစ်ဦးသေ၊ ခြောက်ဦး ဒဏ်ရာရ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့၊ နတ်သံကွင်း-ကျောက်ကြီးသွားကားလမ်းပေါ် မိုင်းပေါက်ကွဲသည့် နေရာအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က စစ်ကောင်စီမှ ထုတ်ပြန်ထားစဉ်။
Myanmar Military

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်နဲ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွေမှာ တိုက်ခိုက်မှုတွေ ကြောင့် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ အရပ်သားနှစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

လှိုင်းဘွဲ့မြို့နယ်က ရွှေဂွန်းကျေးရွာမှာ ဒရုန်းနှစ်စီးနဲ့ ဗုံးချတိုက်ခိုက်တာကြောင့် ဒေသခံ နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီတိုက်ခိုက်မှုကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်နဲ့ ပြည့်သူ့ကာကွယ်ရေးတပ်တွေက ပြုလုပ်ထားလို့ ထုတ်ပြန်ချက်မှာ စွပ်စွဲထားပြီး စစ်ကောင်စီတပ်သားနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီအပြင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့က နတ်သံကွင်း-ကျောက်ကြီးသွားကားလမ်းပေါ်မှာ မိုင်းပေါက်ကွဲခဲ့ပြီး ကားတစ်စီးပေါ်က အရပ်သား လေးဦး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဒီဖြစ်စဉ်မှာလည်း စစ်ကောင်စီက KNLA ကိုစွပ်စွဲထားပေမယ့် မိုင်းပေါက်ကွဲတဲ့နေရာ အနီးမှာ စစ်ကောင်စီတပ်ကပဲ အမြဲတမ်းလုံခြုံရေးယူထားတာလို့ ကျောက်ကြီးဒေသခံ တစ်ဦးက ပြောပါတယ်။

"ကျနော်အထင်ကတော့ စစ်ကောင်စီ အဲဒီနားမှာ အမြဲရှိနေတာဖြစ်တဲ့အတွက် ဒီမိုင်းကို KNLA က လာထောင်ဖို့ဆိုတာတော့ ဖြစ်နိုင်ခြေ အရမ်းအားနည်းတာပေါ့နော်"

မိုင်းပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာတွေရှိတယ်လို့လည်း သူက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ KNLA ဘက်က သတင်းထုတ်ပြန် ထားတာ မရှိသေးပါဘူး။

ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်တွေအကြား မကြာခဏ တိုက်ပွဲတွေဖြစ်ပေါ်နေတာပါ။

စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲပေါင်း ၇၀၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။