AA နဲ့ ဆက်စပ်ဖမ်းဆီးခံထားရသူ ရဲစခန်းအချုပ်မှာ သေဆုံး

RFA Burmese
2023.07.06
AA နဲ့ ဆက်စပ်ဖမ်းဆီးခံထားရသူ ရဲစခန်းအချုပ်မှာ သေဆုံး ရခိုင်ပြည်နယ်၊ အမ်းမြို့အဝင်ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရက္ခိုင့်တပ်တော်(AA)နဲ့ ဆက်စပ်တယ်ဆိုပြီး အမ်းမြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရသူတစ်ဦး ဖျားနာပြီး ဆေးကုသခွင့်မရတဲ့အတွက် ဇူလိုင်လ ၁ ရက်နေ့က သေဆုံးသွားတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

သေဆုံးသူက ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ နားဒင်ရွာသား အသက် ၃၀ အရွယ် ကိုမောင်သန်းစိုး ဖြစ်ပါတယ်။ သူဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ ဖမ်းဆီးခံခဲ့ရပြီး အမ်းမြို့နယ်တရားရုံးမှာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ-၁၇ (၁) နဲ့ အမှုရင်ဆိုင်နေရတာပါ။

ဖမ်းဆီးခံထားရစဉ် ၂၀၂၃ ခုနှစ်၊ မေလကတည်းက သူ့ရဲ့ကျန်းမာရေးဆိုးရွားလာပြီး ဖျာနားတာနဲ့ အစာမဝင်တာကြောင့် မိသားစုက အရေးပေါ် ဆေးကုသခွင့် တောင်းခဲ့ပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေက ခွင့်မပြုတာကြောင့် အခုလို သေဆုံးခဲ့တာလို့ ကိုမောင်သန်းစိုးရဲ့ မိခင် ဒေါ်ယဉ်နုသာက RFA ကိုပြောပါတယ်။

“သားလေးက နေမကောင်းဖြစ်နေတာ တစ်လကျော်ရှိပြီ။ ကျွန်မတို့ မိဘနှစ်ယောက် အမ်းကိုလိုက်သွားပြီးတော့ ဆေးကုခွင့်တောင်းတယ်။ မရခဲ့ဘူး။ ရုံးချိန်းမှာလည်း တွေ့ခဲ့သေးတယ်။ ကိုယ်ခံအားနည်းလို့ စကားတောင် ကောင်းကောင်းမပြောနိုင်ဘူး။ ကျွန်မတို့လည်း ပြန်လာပြီး ရက်အများကြီး မကြာသေးဘူး။ သူသေတာကို အသိတစ်ယောက်က သတင်းလာပေးမှ သိရတာ။ မသေခင် ဆေးရုံကို ၁၂ နာရီလောက် ရောက်တယ်တဲ့။ ၂ နာရီလောက်မှာ သေသွားတာပေါ့။ အမြန် ဆေးကုခွင့်သာရခဲ့ရင် ကျွန်မသားလေး အခုလို သေမှာမဟုတ်ဘူး”

ဒီကိစ္စနဲ့ ပတ်သက်လို့ အမ်းမြို့မရဲစခန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လကနေ နိုဝင်ဘာလထိ အချိန်လေးလကျော်ကြာ တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်ရှိမှာ ယာယီ အပစ်အခတ် ရပ်စဲထားပါတယ်။

အပစ်ရပ်စဲနေတဲ့ကာလမှာပဲ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်း တပ်သားအင်အား၊ လက်နက်ခဲယမ်း၊ ရိက္ခာတွေ အများအပြား ဖြည့်တင်းနေသလို ရခိုင်ဒေသခံတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို AA နဲ့ မပတ်သက်ဖို့ ပြောဆိုတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။