ယင်းမာပင်မြို့နယ် စုန်းချောင်းရွာစီးနင်းခံရပြီး လူ ၁၄ ဦးသေဆုံး

RFA Burmese
2023.07.21
ယင်းမာပင်မြို့နယ် စုန်းချောင်းရွာစီးနင်းခံရပြီး လူ ၁၄ ဦးသေဆုံး စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က စုန်းချောင်းရွာတွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးညသပိတ် ပြုလုပ်ခဲ့စဉ်။
Nwe U Aung Pwe

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က စုန်းချောင်းရွာကို ဇူလိုင်လ ၂၁ ရက် မနက် ၂ နာရီလောက်က စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ခြောက်ဦးနဲ့ အရပ်သားရှစ်ဦး၊ စုစုပေါင်း ၁၄ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဇူလိုင် ၂၁ ရက် မနက်က သတ်ဖြတ်ခံရတဲ့ ရုပ်အလောင်းသုံးလောင်းကို သင်္ဂြိုဟ်ပြီးနောက် နောက်ထပ် ၁၁ လောင်းကို ထပ်မံတွေ့ရှိရတာလို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

"ရွာထဲကို ၂ နာရီထိုးဝင်တာ။ ရွာထဲကပြန်ကြားရတာက အိမ်တစ်အိမ်ကို ဝင်စီးတယ်လို့ဆိုတော့ ကျွန်တော်တို့က သူခိုးဓားပြထင်နေတာ။ အဲဒီတော့ ကင်းစောင့်နေတဲ့အဖွဲ့တွေက ရွာထဲကို ပြန်ဝင်လာတာပေါ့။ ဒလန်ရဲ့ သတင်းပေး ရှိလို့ထင်တယ်။ သူတို့က ပလန်တွေ ချပြီးသားဖြစ်နေတယ်။ မနက်ကတွေ့လို့ သင်္ဂြိုဟ်လိုက်တာ သုံးလောင်း။ ခုနောက်ထပ်တွေ့တာက ၁၁ လောင်း၊ အားလုံး ၁၄ လောင်းပေါ့"

ကနဦး ရုပ်အလောင်းသုံးလောင်းကို ရွာထဲမှာတွေ့ရှိခဲ့တာဖြစ်ပြီး ကျန် ၁၁ လောင်းကိုတော့ ရွာနဲ့ မိုင်ဝက်ခန့်ဝေးတဲ့နေရာမှာ တွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။ ရုပ်အလောင်းတွေမှာ သေနတ်ဒင်တွေနဲ့ ထုထားတဲ့ ဒဏ်ရာတွေ၊ လက်ပြန်ကြိုးတုပ်နှိပ်စက်ထားတဲ့ ဒဏ်ရာတွေ၊ ဓားနဲ့မွှန်းထားတဲ့ ဒဏ်ရာတွေနဲ့ သေနတ်ကျည်ဒဏ်ရာတွေ တွေ့ရတယ်လို့လည်း ပြောပါတယ်။

သေဆုံးသူတွေထဲက အရပ်သား ရှစ်ဦးဟာ စုန်းချောင်းရွာက အမျိုးသားတွေဖြစ်တယ် လို့လည်း ဆိုပါတယ်။

အဲဒီစစ်ကောင်စီတပ် စစ်ကြောင်းမှာ အင်အား ၁၀၀ ခန့်ပါဝင်ပြီး ရွှေတောင်ဦးကုန်းကနေ စုန်းချောင်းရွာကို ဝင်ရောက်စီးနင်းခဲ့ကြတာလို့ ဆိုပါတယ်။

ဒီနေ့မနက်အစောပိုင်းက စစ်ကြောင်းဝင်ရောက်စဉ် ကျေးရွာသား အများအပြား ဖမ်းဆီးခံခဲ့ရပြီး အမျိုးသမီးနဲ့ ကလေးတွေက ပြန်လွတ်လာပေမယ့် အခုသေဆုံးသူတွေ ကတော့ ဆက်လက်ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံခဲ့ရတာလို့လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူတွေကို RFA က ဆက်သွယ် ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီရဲ့ အာဘော်သတင်းတွေကို ဖော်ပြနေတဲ့ People Media မှာတော့ ဒီနေ့မနက်က စုန်းချောင်းကျေးရွာ PDF စခန်းကို တပ်မတော်က ဝင်ရောက်စီးနင်းခဲ့ရာမှာ PDF အလောင်း ခြောက်လောင်း၊ သေနတ် ၁၁ လက်နဲ့ မိုင်းမျိုးစုံ သိမ်းဆည်းရမိခဲ့တယ်လို့ ဒီနေ့ နေ့လယ်က ဖော်ပြထားပါတယ်။

စုန်းချောင်းရွာဟာ မုံရွာမြို့အနောက်ဘက် ချင်းတွင်းမြစ် တစ်ဘက်ကမ်းမှာ ရှိပါတယ်။ ဒီရွာဟာ စစ်အာဏာစသိမ်းတဲ့အချိန်ကနေ အခုချိန်ထိ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ ရွာတွေထဲက တစ်ရွာဖြစ်ပါတယ်။

လက်ရှိမှာတော့ စုန်းချောင်းရွာဒေသခံတွေ နီးစပ်ရာကျေးရွာတွေမှာ တိမ်းရှောင် နေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။